အာဆင်နယ်၊ လီဗာပူးလ်အပါအဝင် ဥရောပထိပ်တန်းကလပ်အသင်းတချို့ရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဆွီဒင်တိုက်စစ်မှူး အစ်ဆက်က သူ့ရဲ့စာချုပ်သစ်အတွက် လာမယ့်နွေရာသီမှာ နယူးကာဆယ်အသင်းနဲ့ ဆွေးနွေးဖွယ်ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ခြေစွမ်းပြနေတဲ့ အစ်ဆက်ရဲ့စာချုပ်ဟာ ၂၀၂၈ ဇွန်အထိ ရှိနေပေမယ့် ကလပ်အသင်းအများအပြားရဲ့စိတ်ဝင်စားမှုကြောင့် နယူးကာဆယ်အသင်းဟာ ရာသီကုန်ချိန်မှာ သူ့ကို ပိုမိုကောင်းမွန်တဲ့စာချုပ်သစ်ချုပ်ဖို့ စီစဉ်နေတာပါ။
နယူးကာဆယ်အသင်းအနေနဲ့ ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရှိ/မရှိကလည်း အစ်ဆက်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အပေါ် အများကြီးမူတည်နေပါတယ်။ နယူးကာဆယ်အသင်းဟာ အစ်ဆက်ကို မရောင်းချချင်တာကြောင့် ပြောင်းရွှေ့ကြေးပေါင်သန်း(၁၀၀)ကျော် သတ်မှတ်ထားပေမယ့် အသင်းအများအပြားရဲ့ကြိုးစားမှုကြောင့် ထိန်းသိမ်းရခက်ခဲနိုင်တာပါ။
စာချုပ်သစ်နဲ့ပတ်သက်ပြီး မေးမြန်းချိန်မှာ အစ်ဆက်က "အခုအချိန်မှာ ဒီအကြောင်းကို ကျွန်တော်စဉ်းစားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ရာသီပြီးဆုံးရင်တော့ ဒါက ဆွေးနွေးရမယ့်အရာတစ်ခု ဖြစ်ကောင်းဖြစ်သွားမှာပါ။ အခုအချိန်မှာ ဆွေးနွေးမှုတွေမပြုလုပ်ရသေးတဲ့အတွက် ကျွန်တော်တို့ မြင်တွေ့ရမှာပါ"လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် အစ်ဆက်က လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲမှာ ကောင်းမွန်စွာစွမ်းဆောင်ပြီး ဆုဖလားကို နယူးကာဆယ်ထံ သယ်ဆောင်လာဖို့ မျှော်လင့်တယ်လို့ မီဒီယာသမားတွေကို ပြောခဲ့ပါတယ်။ အစ်ဆက်ဟာ ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၂)ပွဲပါဝင်ကစားထားပြီး (၂၂)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်ထားပါတယ်။
Discussion