လီဗာပူးလ်အသင်းဟာ အီဂျစ်တောင်ပံကစားသမား ဆာလာကို (၂)နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပြီလို့တရားဝင်ကြေညာခဲ့ပါတယ်။

ဆာလာနဲ့လီဗာပူးလ်အသင်းတို့အရင်ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင်ကုန်ဆုံးမှာဖြစ်လို့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးသတင်းတွေအများအပြားထွက်ပေါ်ခဲ့တာကို စာချုပ်သစ်ချုပ်ပြီး အဆုံးသတ်ခဲ့တာပါ။

လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၉၃)ပွဲပါဝင်ကစားထားပြီး (၂၄၃)ဂိုးသွင်းယူထားတဲ့ ဆာလာဟာ စာချုပ်သစ်ကြောင့် သူ့ရဲ့သွင်းဂိုးအရေအတွက်ကို ထပ်ပြီးပေါင်းတည့်နိုင်ဖို့ အခွင့်အရေးရရှိသွားခဲ့တာဖြစ်ပါတယ်။ ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၇)ဂိုးအပါအဝင် ပြိုင်ပွဲစုံ(၃၂)ဂိုးသွင်းယူထားပြီး အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရမှတ်(၁၁)မှတ်ဖြတ်ပြီး ဦးဆောင်နိုင်အောင် ကူညီပေးထားတာပါ။

ဆာလာက "ကျွန်တော်အလွန်စိတ်လှုပ်ရှားနေပြီး အခု ကျွန်တော်တို့မှာ အလွန်ကောင်းမွန်တဲ့အသင်းရှိပါတယ်။ ကျွန်တော်ဟာ တခြားဆုဖလားတွေရယူဖို့နဲ့ ဘောလုံးကိုပျော်ရွှင်စွာကစားဖို့ အခွင့်အရေးရှိတယ်လို့ထင်တာကြောင့် စာချုပ်ပေါ်မှာ လက်မှတ်ထိုးခဲ့တာပါ။ ကျွန်တော့်ကစားသမားဘဝရဲ့အကောင်းဆုံးနှစ်တွေကို ဒီမှာရှိခဲ့ပါတယ်"လို့ ကလပ်ဝက်ဘ်ဆိုက်ကို ဆိုခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားအားလုံးရယူနိုင်ခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ဆာလာကို စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက် အသင်းခေါင်းဆောင်ဗန်ဒိုက်ကိုလည်း (၂)နှစ်စာချုပ်သစ်ချုပ်ဆိုကြောင်း မကြာမီကြေညာဖွယ်ရှိနေတာဖြစ်ပါတယ်။