ဆာလာနဲ့ ဗန်ဒိုက်ကို လီဗာပူးလ်အသင်း စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်

လီဗာပူးလ်အသင်းဟာ ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် တောင်ပံကစားသမား ဆာလာနဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက်တို့ကို စာချုပ်သစ်ချုပ်ဆိုဖို့နီးစပ်နေပြီဖြစ်လို့ သူတို့နဲ့ပတ်သက်တဲ့ အနာဂတ်ထင်ကြေးသတင်းတွေဟာ အဆုံးသတ်တော့မယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ (၂)နှစ်စာချုပ်သစ်အတွက် စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးဖို့နီးစပ်နေပြီး ဗန်ဒိုက်ကလည်း စာချုပ်သစ်အတွက် တိုးတက်မှုရှိတယ်လို့ ဆိုထားတာပါ။

ဥရောပထိပ်သီးအသင်းအချို့ရဲ့စိတ်ဝင်စားမှုကို ခံနေရတဲ့ ဗန်ဒိုက်ကိုလည်း လီဗာပူးလ်အသင်းဟာ (၂)နှစ်စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေကတည်းက ဆာလာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဆော်ဒီပရိုလိဂ်အသင်းတွေဟာ လာမယ့်နွေရာသီမှာ သူ့ကိုအလွတ်နဲ့ ခေါ်ယူလို့ရမယ့် အခြေအနေကို စောင့်ကြည့်နေကြတာပါ။ ဒါပေမယ့် ဆာလာနဲ့ လီဗာပူးလ်အသင်းတို့ရဲ့စာချုပ်သစ်အတွက် ဆွေးနွေးမှုဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး မကြာမီမှာ အပြီးသတ်ဖို့ မျှော်လင့်နေကြပါတယ်။

ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ(၃၂)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဆာလာနဲ့ ဗန်ဒိုက်ကို အသင်းမှာဆက်ထိန်းသိမ်းနိုင်ဖို့ရှိနေပေမယ့် သူတို့နဲ့အတူ ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ညာနောက်ခံလူ အာနိုးလ်ကို အလွတ်နဲ့ လက်လွှတ်ရဖွယ်ရှိနေတာပါ။ လီဗာပူးလ်အသင်းအကယ်ဒမီထွက်အာနိုးလ်ဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံ အလွတ်ပြောင်းရွှေ့ဖို့ သဘောတူထားပါတယ်။

လီဗာပူးလ်အသင်းဟာ လာမယ့်နွေရာသီမှာ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ရောင်းချဖို့ရှိနေပြီး ဘာစီလိုနာအသင်းပစ်မှတ်ဖြစ်တဲ့ ‌တောင်ပံကစားသမား ဒီယက်ဇ်နဲ့ နောက်ခံလူ ကိုနာတေးတို့ကို အနာဂတ်အတွက် ဆွေးနွေးဖို့ရှိနေတယ်လို့ သိရပါတယ်။