ဆာနေးကို ဆက်ထိန်းသိမ်းဖို့ဆုံးဖြတ်ပြီး ဘိုင်ယန်မြူးနစ်အသင်းစာချုပ်သစ်ကမ်းလှမ်း

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ဂျာမန်ကြယ်ပွင့် ဆာနေးကို အသင်းမှာဆက်ထိန်းသိမ်းဖို့ဆုံးဖြတ်ခဲ့ပြီး ၂၀၂၈ ခုနှစ်နွေရာသီအထိရှိမယ့် စာချုပ်သစ်ကမ်းလှမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာ ဆာနေးရဲ့အနာဂတ်ဟာ မရေမရာဖြစ်ခဲ့ပြီး သူ့ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးတွေဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားနေခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာနေးကို အလွတ်နဲ့မဆုံးရှုံးချင်တာကြောင့် ၂၀၂၈ ခုနှစ်နွေရာသီအထိရှိမယ့် စာချုပ်သစ်ကမ်းလှမ်းခဲ့တယ်လို့ Sky Germany က ဖော်ပြခဲ့ပါတယ်။ ဆာနေးဟာ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဆီကနေ တစ်နှစ်ကို ယူရိုသန်း(၂၀)ရရှိနေပေမယ့် စာချုပ်သစ်ချုပ်ဆိုခဲ့ရင် လုပ်ခလစာအများအပြားလျော့ပြီးရရှိတော့မှာပါ။ ဆာနေးဟာ စာချုပ်သစ်အရ တစ်နှစ်ကို ယူရို(၁၀)သန်းသာ ရရှိတော့မှာဖြစ်ပြီး စွမ်းဆောင်ရည်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီခဲ့ရင်တော့ ယူရို(၁၅)သန်းဝန်းကျင်ရရှိမှာဖြစ်ပါတယ်။

ဆာနေးဟာ လုပ်ခလစာလျော့ပြီးရမှာဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဂျာမန်မီဒီယာတွေက ဖော်ပြထားတာပါ။ အသက်(၂၉)နှစ်အရွယ်ရှိ ဆာနေးဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၈)ပွဲပါဝင်ကစားထားပြီး (၁၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ထားပါတယ်။

ဒီရာသီဘွန်ဒစ်လီဂါဖလားပြိုင်ပွဲမှာ ဆုဖလားရရှိဖို့ အခြေအနေကောင်းနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဧပြီ(၁၂)ရက်မှာ လိဂ်ပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။