အယ်လ်နာဆာအသင်းနဲ့ အယ်လ်ရှာဘတ်အသင်းတို့(၂-၂)ဂိုးစီ သရေကျခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မတိုင်ခင်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ သူနဲ့ပုံစံချင်းတူတဲ့ ပရိသတ်တစ်ဦးကို အလွန်ရုပ်ဆိုးတယ်လို့ ပြောခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အယ်လ်နာဆာအသင်းဟာ ရမှတ်လျော့ခဲ့ပြီး လာမယ့်ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ဆုံးရှုံးရနိုင်တဲ့ အခြေအနေမှာရှိလာခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ဒီပွဲမစတင်ခင် သွေးပူလေ့ကျင့်ခန်းပြုလုပ်ချိန်မှာ သူနဲ့ပုံစံချင်းတူတဲ့ ပရိသတ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး စကားပြောဆိုမှုပြုလုပ်ခဲ့တဲ့ရုပ်သံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တာပါ။ အဆိုပါပရိသတ်ဟာ စီရော်နယ်ဒိုရဲ့နံပတ်(၇)ပါ ပေါ်တူဂီအသင်းအင်္ကျီကိုဝတ်ဆင်ထားပြီး ပွဲကြည့်စင်ပေါ်မှာ ရပ်နေခဲ့တာဖြစ်ပါတယ်။
စီရော်နယ်ဒိုဟာ ဒီပရိသတ်ကို ရည်ရွယ်ပြီး "ခင်ဗျားက ကျွန်တော်နဲ့မတူပါဘူး။ ခင်ဗျားအလွန်ရုပ်ဆိုးတယ်"လို့ ပြောကာ သွေးပူလေ့ကျင့်ခန်းကို ဆက်ပြီး ပြုလုပ်နေခဲ့တာပါ။ အဆိုပါ ပရိသတ်ဟာ လက်မထောင်ပြီး ရယ်မောကာ "ခင်ဗျားက အကောင်းဆုံးပါပဲ"လို့ ပြောခဲ့ပြီး ဒီအချိန်မှာ စီရော်နယ်ဒိုက လက်မထောင်ကာ ပြုံးပြီးတုံ့ပြန်သွားခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ အယ်လ်ရှာဘတ်အသင်းနဲ့ သရေကျခဲ့တာကြောင့် ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားအဆင့်(၄)နေရာမှာ ရပ်တည်နေပြီး လာမယ့်ကြားရက်ထဲမှာ အာရှချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့အဖြစ် Esteghlal အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Discussion