ဆောက်သမ်တန်အသင်းက တစ်ပွဲလုံးအချိန်ဆွဲခဲ့တယ်လို့ မန်စီးတီးအသင်းနောက်ခံလူ ရုဘင်ဒီယက်ဇ်စွပ်စွဲ

မနေ့က ဆောက်သမ်တန်(ဝ-ဝ)မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ရမှတ်တွေဆုံးရှုံးခဲ့ပြီးနောက် ပေါ်တူဂီနောက်ခံလူ ရူဘင်ဒီယက်ဇ်ဟာ ဆောက်သမ်တန်အသင်းဟာ ပွဲကစားဖို့မကြိုးစားဘဲ တစ်ပွဲလုံးအချိန်ဆွဲခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု(၂၆)ကြိမ်အထိရှိခဲ့ပြီး ဂိုးသွင်းယူနိုင်ဖို့ကြိုးစားခဲ့ပေမယ့် ဆောက်သမ်တန်အသင်းတစ်သင်းလုံးဟာ ဂိုးဧရိယာအနားတစ်ဝိုက်မှာ ပိတ်ဆို့ပြီး ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

ဆောက်သမ်တန်အသင်းဟာ ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံးအသင်းအဖြစ် ဒါဘီကောင်တီအသင်းနဲ့အတူ မှတ်တမ်းဆိုးရရှိနေတဲ့ အခြေအနေကနေ လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ သရေရလဒ်ကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၂)နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်တူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး နောက်မှာရပ်တည်နေတဲ့အသင်းတွေရဲ့ဖိအားပေးမှုကို ခံရဖို့ရှိနေတာပါ။

မန်စီးတီးအသင်းနောက်ခံလူ ရူဘင်ဒီယက်ဇ်က"ဆောက်သမ်တန်အသင်းဟာ ပွဲကစားဖို့မကြိုးစားဘဲ တစ်ပွဲလုံးကို အချိန်ဆွဲနေခဲ့တာပါ။ ဒီလိုအသင်းမျိုးနဲ့ကစားရတာက စိတ်ပျက်ဖို့ကောင်းပါတယ်။ သူတို့ရဲ့မြက်ခင်းပြင်ကလည်း ခြောက်သွေ့နေတဲ့အတွက် ပွဲကိုရပ်တန့်ပြီး ဖြစ်နိုင်သမျှနှေးအောင်လုပ်ခဲ့တယ်"လို့ Sky Sports မှာဆိုခဲ့ပါတယ်။
မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာကတော့ ရူဘင်ဒီယက်ဇ်ပြောခဲ့တာကို သဘောမတူခဲ့ဘဲ အသင်းအနေနဲ့ သူတို့ရဲ့ပိတ်ဆို့မှုကို ဖောက်ဖျက်ပြီး ဂိုးသွင်းယူနိုင်အောင်လုပ်ရမှာက ကိုယ့်အလုပ်ဖြစ်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။ ဆောက်သမ်တန်အသင်းဟာ ရူဘင်ဒီယက်ဇ်ရဲ့ပြောဆိုမှုကို သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ "ကစားဖို့တောင်မကြိုးစားဘဲ ရမှတ်ရခဲ့တယ်"ဆိုပြီး ကစားသမား(၂)ဦးပြုံးရွှင်နေတဲ့ပုံနဲ့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။