ဆောက်သမ်တန်-မန်စီးတီးပွဲမှာ ဟာလန်းပွဲထွက်လူစာရင်းထဲ ပြန်ပါဝင်ဖွယ်ရှိတယ်လို့ နည်းပြဂွါဒီယိုလာဖွင့်ဟ
ဒီနေ့ကစားမယ့် ဆောက်သမ်တန်-မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်ဝေတိုက်စစ်မှူးဟာလန်းဟာ မန်စီးတီးအသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပြန်ပါဝင်ဖွယ်ရှိတယ်လို့ နည်းပြဂွါဒီယိုလာက ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဖွင့်ဟခဲ့ပါတယ်။ ဟာလန်းဟာ မတ်လက ဘုန်းမောက်အသင်းနဲ့ ကစားခဲ့တဲ့ FA ဖလားပွဲစဉ်မှာ ဒဏ်ရာရပြီးကတည်းက မန်စီးတီးအသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးတာပါ။
မန်စီးတီးအသင်းဟာ အစောပိုင်းက တိုက်စစ်မှူးဟာလန်း ရာသီကုန်အထိအနားယူရမှာကို စိုးရိမ်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဟာလန်းဟာ ဧပြီထဲမှာ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပြီး ဝုလ်ဗ်စ်အသင်းကို (ဝ-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းအရန်လူစာရင်းထဲမှာ ပါဝင်ခဲ့တာပါ။ ဒါပေမယ့် မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ဟာလန်းကို လူစားဝင်အဖြစ်တောင် အသုံးပြုခဲ့ခြင်းမရှိပါဘူး။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီးသားဖြစ်တဲ့ ဆောက်သမ်တန်အသင်းနဲ့ပွဲမှာတော့ ဟာလန်းကို ပွဲထွက်လူစာရင်းထဲမှာတောင် အသုံးပြုလာဖို့ရှိနေတာပါ။ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ဟာလန်းဟာ ကြံ့ခိုင်မှုပြည့်ဝနေပြီး ပွဲကစားဖို့အဆင်သင့်လည်းဖြစ်နေတဲ့အတွက် သူ့ကို ပွဲထွက်လူစာရင်းထဲ အသုံးပြုမလားဆိုတာ ဆုံးဖြတ်သွားမယ်လို့ ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဟာလန်းဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးအိုမာမာမွတ်ရှ်ကို အဓိကတိုက်စစ်မှူးအဖြစ်အသုံးပြုခဲ့တာပါ။
ဒါပေမယ့် အိုမာမာမွတ်ရှ်ဟာ မန်စီးတီးအသင်းနောက်ဆုံးကစားခဲ့တဲ့ (၇)ပွဲမှာ (၂)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဆောက်သမ်တန်အသင်းကို အနိုင်ရယူနိုင်ခဲ့ရင် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့အတွက် အခြေအနေကောင်းသွားမှာပါ။ မန်စီးတီးအသင်းဟာ လာမယ့်အပတ်မှာ FA ဖလားဗိုလ်လုပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။