ဆီမီးဖိုင်နယ်နှစ်ကျော့စလုံးအနိုင်ယူခဲ့တဲ့ မန်ယူနိုက်တက်နဲ့စပါးရဲ့ All English Final ကို တွေ့ရတော့မယ့် ယူရိုပါလိဂ်

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)
မန်ယူနိုက်တက်(၄-၁)ဘီလ်ဘာအို
Bodo/Glimt (၀-၂)စပါး
မန်ယူနိုက်တက်နဲ့စပါးက ပရီးမီးယားလိဂ်မှာအခြေအနေဆိုးနေပြီး တန်းဆင်းဇုန်နဲ့များစွာမကွာဝေးတဲ့ အဆင့်(၁၅)၊ (၁၆)နေရာတွေမှာ အသီးသီးရပ်တည်နေရပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ဗိုလ်လုပွဲအထိတက်ရောက်လာခဲ့ကြပြီး All English Final ကို ဖန်တီးတော့မှာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်အဆင့်မှာ ပထမအကျော့ကို ဂိုးပြတ်နိုင်ပွဲတွေရယူထားပေမယ့် ဒုတိယအကျော့မှာလည်း ပြိုင်ဘက်တွေကို အလျှော့မပေးဘဲ နောက်ထပ်ဂိုးပြတ်နိုင်ပွဲတွေ ထပ်ယူခဲ့ကြတာပါ။

မန်ယူနိုက်တက်အသင်းက လာလီဂါမှာ အဆင့်(၄)နေရာရပ်တည်နေတဲ့ ဘီလ်ဘာအိုအသင်းကို ပထမအကျော့အဝေးကွင်းမှာ (၃-၀)ဂိုးနဲ့အနိုင်ယူခဲ့သလို ဒုတိယအကျော့အိမ်ကွင်းမှာလည်း (၄-၁)ဂိုးနဲ့ ထပ်အနိုင်ယူပြီး နှစ်ကျော့ပေါင်း(၇-၁)ဂိုးနဲ့ ဗိုလ်လုပွဲကို တက်လာခဲ့ပါတယ်။
ဒုတိယအကျော့မှာ ဘီလ်ဘာအိုက ပွဲချိန်(၃၁)မိနစ်မှာ ကွင်းလယ်လူဂျာရီဂီဇာသွင်းယူခဲ့တဲ့ဂိုးနဲ့ ပွဲချိန်မိနစ်(၇၀)ကျော်အထိ (၁-၀)ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်(၂၀)အတွင်း မန်ယူနိုက်တက်က (၄)ဂိုးအထိသွင်းခဲ့တာပါ။
ပွဲချိန်(၆၀)မိနစ်လောက်မှာ အူဂါတေးနေရာ မေဆန်မောင့် ဝင်လာခဲ့ပြီးနောက် မန်ယူနိုက်တက်အသင်းအတွက် အလှည့်အပြောင်းဖြစ်သွားခဲ့ပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရရှိခဲ့တာပါ။

ပွဲချိန်(၇၂)မိနစ်မှာ ယိုရိုပေးပို့တဲ့ဘောလုံးကို မောင့်က တစ်ပတ်လှည့်ကန်သွင်းခဲ့ပြီး ပွဲချိန်(၈၀)မိနစ်မှာ ကက်စီမီရိုက ဘီလ်ဘာအိုနောက်ခံလူတွေကြားကနေ ခေါင်းငုံတိုက်ပြီး ဦးဆောင်ဂိုးရယူခဲ့ပါတယ်။
ပွဲချိန်(၈၅)မိနစ်မှာ ညာတောင်ပံက အာမတ်ချိုးပေးတဲ့ဘောလုံးကို ဟွိုင်လန်းက အနီးကပ်ကန်သွင်းခဲ့ပြီး နောက်ဆုံးဂိုးကတော့ ကွင်းလယ်စည်းအကျော် Final Third Line နားကနေ မောင့်က ဂိုးသမားမရှိတဲ့ဂိုးပေါက်ထဲကို လှလှပပ ကန်သွင်းယူခဲ့တာပါ။
မန်ယူနိုက်တက်အသင်းအနေနဲ့ ဖာဂူဆန်ခေတ်လွန်မှာ တတိယအကြိမ်မြောက် ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်တာဖြစ်ပြီး ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုလက်ထက် ၂၀၁၆-၁၇ ရာသီကလို ချန်ပီယံအောင်မြင်မှုမျိုးပြန်ရအောင် ပေါ်တူဂီလူမျိုးနည်းပြအာမိုရင် ပြုလုပ်နိုင်မလားဆိုတာ ကြည့်ရမှာပါ။
စပါးအသင်းကလည်း နော်ဝေချန်ပီယံ Bodo/Glimt အသင်းကို ပထမအကျော့အိမ်ကွင်းမှာ (၃-၁)ဂိုးနဲ့ အနိုင်ယူခဲ့သလို ဒုတိယအကျော့အဝေးကွင်းမှာလည်း(၂-၀)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ Bodo/Glimt အသင်းအနေနဲ့ ပွဲကို လွှမ်းမိုးကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာအားနည်းချက်တွေရှိနေတာကြောင့် စပါးနောက်တန်းကို မကျော်ဖြတ်နိုင်ဘဲ ဂိုးမရခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး စပါးအတွက်ဂိုးတွေကို ပွဲချိန်(၆၃)မိနစ်မှာ ဆိုလန်ကီ၊ (၆၉)မိနစ်မှာ ပေါ်ရိုတို့က သွင်းပေးခဲ့ကြပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲ(အရင် UEFA ဖလား)သမိုင်းမှာ ပထမဆုံးချန်ပီယံဖြစ်တဲ့အသင်းအဖြစ် ၁၉၇၂ ခုနှစ်မှာ ဗိုလ်စွဲခဲ့တဲ့ စပါးအသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်လုပွဲကို (၄)ကြိမ်မြောက်တက်ရောက်လာတာဖြစ်ပါတယ်။

၁၉၈၄ ခုနှစ်မှာ UEFA ဖလားချန်ပီယံဆုကို ဒုတိယအကြိမ်ရယူပြီးနောက်ပိုင်း နှစ်ပေါင်း(၄၁)နှစ်အတွင်း ဗိုလ်လုပွဲကို ပထမဆုံးပြန်ရောက်လာခဲ့တဲ့စပါးကို နည်းပြပိုစတီကိုဂလူးက သူ့ရဲ့ဒုတိယရာသီရောက်ရင် ဖလားတစ်လုံးရတယ်လို့ဆိုခဲ့တဲ့အတိုင်း ယူရိုပါလိဂ်ဖလားရယူပေးနိုင်မလားဆိုတာလည်း စိတ်ဝင်စားစရာပါ။
ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ All English Final (၂)ကြိမ်ရှိခဲ့ဖူးပြီး ၁၉၇၂ ဗိုလ်လုပွဲ စပါး(၃-၂)၀ုလ်ဗ်စ်၊ ၂၀၁၉ ဗိုလ်လုပွဲ ချယ်လ်ဆီး(၄-၁)အာဆင်နယ်တို့ ဖြစ်ကြပါတယ်။ ဒါကြောင့် (၃)ကြိမ်မြောက် All English Final မှာ စပါးက ချန်ပီယံဆုထပ်ယူနိုင်မလား၊ မန်ယူနိုက်တက်ဗိုလ်စွဲမလားဆိုတာ လာမယ့် မေ(၂၁)ရက်နေ့ စပိန်နိုင်ငံ၊ ဆမ်မာမီးစ်ကွင်းမှာ ကစားမယ့် ဗိုလ်လုပွဲမှာ ကြည့်ရမှာပါ။