ဆိုးရွားတဲ့ပရီးမီးယားလိဂ်ရာသီကြောင့် ရာသီကုန်ဆုပေးပွဲညစာစားပွဲကို မန်ယူနိုက်တက်အသင်းဖျက်သိမ်း
မန်ယူနိုက်တက်အသင်းဟာ ဆိုးရွားတဲ့ပရီးမီးယားလိဂ်ရာသီကို ဖြတ်သန်းနေရပြီးနောက် ရာသီကုန်မှာကျင်းပမယ့် ဆုပေးပွဲညစာစားပွဲကို မပြုလုပ်တော့ဘဲ ဖျက်သိမ်းခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဆုပေးပွဲညစာစားပွဲပြုလုပ်မယ့်အစား ဆုတွေကို ရာသီကုန်နောက်ဆုံးပွဲဖြစ်တဲ့ အက်စတွန်ဗီလာအသင်းနဲ့ပွဲမတိုင်မီ ကွင်းထဲမှာ ပေးအပ်သွားဖို့ စီစဉ်ထားတာပါ။
မန်ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကစားဖို့(၂)ပွဲကျန်ရှိနေချိန်မှာ ရှုံးပွဲ(၁၇)ပွဲအထိ ကြုံတွေ့ထားပြီး အမှတ်ပေးဇယားအဆင့်(၁၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မန်ယူနိုက်တက်အသင်းအကြီးအကဲတွေက ဆုပေးပွဲညစာစားပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒတ်ချ်လူမျိုးနည်းပြအဲရစ်တန်ဟတ်ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဆုပေးပွဲညစာစားပွဲကို ဖျက်သိမ်းခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၈)နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ပေမယ့် FA ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒီရာသီမှာတော့ ပြီးခဲ့တဲ့ရာသီတွေကထက် အလွန်ဆိုးရွားတဲ့ ပရီးမီးယားလိဂ်ရာသီကို ရင်ဆိုင်နေရပြီး စံချိန်မှတ်တမ်းဆိုးအများအပြားကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချန်ပီယံဆုရယူပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်နေသေးတာပါ။
ပြီးခဲ့တဲ့ရာသီက Sir Matt Busby တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ရရှိခဲ့ပြီး ဒီရာသီမှာလည်း သူပဲ ဒီဆုကို ဆက်ပြီးထိန်းသိမ်းသွားဖို့ရှိနေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရာသီပြီးပြီးချင်းမှာ အာရှကိုထွက်ခွာကာ ခြေစမ်းပွဲတွေကစားပြီး ဝင်ငွေရှာဖွေဖို့ စီစဉ်ထားတာလည်းဖြစ်ပါတယ်။