မနေ့က မန်ယူနိုက်တက်(၄-၁)ဆိုစီဒက် ယူရိုပါလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းဘယ်နောက်ခံလူ ဒေါဂူက သူတို့ကို ပယ်နယ်တီမပေးဖို့ ကွင်းလယ်ဒိုင်လူကြီးကို ပြောခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန်မိနစ်(၈၀)ကျော်မှာ ဒေါဂူကို ဆိုစီဒက်အသင်းနောက်ခံလူ ဟာမာရီ ထရာအိုရေးက ဂိုးဧရိယာထဲဖျက်ထုတ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့ပေမယ့် VAR က စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ ပယ်ဖျက်ခဲ့တာပါ။

မန်ယူနိုက်တက်အသင်းနောက်ခံလူ ဒေါဂူက ဒီဖြစ်ရပ်မှာ ထရာအိုရေးက သူ့ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ခံစားခဲ့ရကြောင်း ကွင်းလယ်ဒိုင်လူကြီးကို ပြောနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မူလက သတ်မှတ်ထားတဲ့ ပယ်နယ်တီဆုံးဖြတ်ချက်ကို VAR က ပယ်ဖျက်ဖို့ ဦးတည်သွားစေခဲ့တာပါ။ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ပြင်သစ်ကွင်းလယ်ဒိုင်လူကြီး ဘာစတီယန်ဟာ မန်ယူနိုက်တက်အသင်းဘက်ကို ပယ်နယ်တီ(၂)လုံးနဲ့ ဆိုစီဒက်အသင်းဘက်ကို ပယ်နယ်တီ(၁)လုံးပေးခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဒေါဂူရဲ့လုပ်ရပ်ဟာ ကောင်းမွန်တဲ့အရာဖြစ်ပြီး သူ့အတွက် ဂုဏ်ယူမိတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက လက်ချီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဒေါဂူဟာ နည်းပြအာမိုရင်ရဲ့ကစားကွက်ပုံစံထဲမှာ အံ့ဝင်အောင်ကစားပြီး မန်ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

ဒီရာသီမှာ ဆုဖလားရယူနိုင်စရာအဖြစ် ယူရိုပါလိဂ်ဖလားသာ ကျန်ရှိတော့တဲ့ မန်ယူနိုက်တက်အသင်းဟာ ဒီပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်မှာ ပြင်သစ်လီဂူး-၁ ကလပ် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။