ချယ်လ်ဆီးအသင်းက လီဗာပူးလ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသပြီး ပယ်နယ်တီကနေ (၁)ဂိုးသွင်းယူခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့် ကိုးလ်ပါမားက ဆိုရှယ်မီဒီယာပေါ်မှာ ငတုံးတွေပြည့်နှက်နေတယ်လို့ ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ ကိုးလ်ပါမားဟာ လီဗာပူးလ်အသင်းနဲ့ပွဲမတိုင်မီ ပြိုင်ပွဲစုံ(၁၈)ပွဲဆက်တိုက် သွင်းဂိုးပျောက်ဆုံးနေတာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ လှောင်ပြောင်မှုတွေခံခဲ့ရတာပါ။
လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကိုးလ်ပါမားဟာ ဇန်နဝါရီ(၁၄)ရက်နောက်ပိုင်း ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကိုးလ်ပါမားဟာ မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ၂၀၂၃ ခုနှစ်နွေရာသီအပြောင်းအရွှေ့ကတည်းက ချယ်လ်ဆီးအသင်းအတွက် အဓိက ကစားသမားအဖြစ် သွင်းဂိုးတွေသွင်းပြီး ဂိုးဖန်တီးမှုတွေပြုလုပ်ကာ ခြေစွမ်းပြသနေတာပါ။ ဒါပေမယ့် ကိုးလ်ပါမားဟာ ဒီရာသီနောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းပျောက်ဆုံးခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။
ကိုးလ်ပါမားက "ကျွန်တော်ဟာ ဂိုးမသွင်းနိုင်ပေမယ့် ကိုယ့်အတွက်ရော အသင်းအတွက်ပါ ကောင်းမွန်စာလုပ်နိုင်ဖို့ တွန်းအားတွေပိုပြီးပေးပါတယ်။ ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာသုံးတဲ့သူတွေဟာ ငတုံးပြည့်နှက်နေပြီး လှောင်ပြောင်မှုတွေချည်းပဲ ပြုလုပ်ကြပါတယ်။ ကျွန်တော်က ဒါတွေကိုလိုက်ပြီး ဂရုစိုက်နေမယ့်သူမဟုတ်ပါဘူး။ ဂိုးသွင်းပြီး အသင်းကိုကူညီနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်တယ်"လို့ Sky Sports မှာ ဆိုခဲ့ပါတယ်။
ကိုးလ်ပါမားဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် (၁၅)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၁၀)ကြိမ်ပြုလုပ်ထားပါတယ်။ ပြိုင်ပွဲစုံ(၄)ပွဲဆက်တိုက်နိုင်ပွဲရခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၄)နေရာက နယူးကာဆယ်အသင်းနဲ့ ရမှတ်တူ အဆင့်(၅)နေရာမှာ ရပ်တည်နေပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Discussion