ဆန်ဂျို့စ်အသင်းနဲ့ပွဲအပြီးမှာ ဒိုင်လူကြီးနဲ့ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီ အပြင်းအထန်ငြင်းခုံမှုဖြစ်

ဆန်ဂျို့စ်နဲ့ အင်တာမိုင်ယာမီအသင်း(၃-၃)ဂိုးစီ သရေကျခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်အပြီးမှာ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ ကွင်းလယ်ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ကာ အပြင်းအထန်ငြင်းခုံမှုဖြစ်ခဲ့ပါတယ်။ ဒီပွဲရဲ့ပွဲပြီးခါနီးမှာ အင်တာမိုင်ယာမီအသင်းဖရီးကစ်ရဖို့ရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ပေးဖို့ငြင်းဆန်ခဲ့တာကြောင့် မက်ဆီဟာ ဒေါသထွက်ပြီး ပွဲအပြီးမှာ ကွင်းလယ်ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။
အဲ့ဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက မက်ဆီကို အဝါကတ်ပြပြီးသတိပေးခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ မကျေနပ်သေးဘဲ ကွင်းလယ်ဒိုင်လူကြီးဆီကို ပြန်သွားဖို့လုပ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက သူ့ကို ထုတ်ပယ်ရမလား၊ထွက်သွားဆိုပြီးတော့ ပြောခဲ့သေးတာပါ။ ဆန်ဂျို့အသင်းရဲ့နည်းပြအရီနာနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ မက်ဆီထုတ်ပယ်ခြင်းမခံရအောင် သူ့ကိုရပ်တန့်ဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။
ဆန်ဂျို့စ်အသင်းနည်းပြအရီနာက "မက်ဆီမပျော်ရွှင်ဘူးဆိုတာ သိသာပါတယ်။ ကျွန်တော်တို့က သူ့ကို အနီကတ်မပြသခံစေချင်တဲ့အတွက် သူ့ကိုဒီလမ်းကနေ ဖယ်ဖို့ကြိုးစားခဲ့တာပါ။ ပွဲအပြီးမှာ အနီကတ်ထိတာက အဓိပ္ပါယ်မရှိပါဘူး။ သူဟာ မိုင်ယာမီအတွက် လာမယ့်ပွဲမှာ ပါဝင်ကစားဖို့အဆင်သင့်ဖြစ်နေပြီ"လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ မေဂျာလိဂ်(၂)ပွဲစလုံးနိုင်ပွဲပျောက်ဆုံးခဲ့ပြီး မေဂျာလိဂ်အမှတ်ပေးဇယားအဆင့်(၇)နေရာမှာ ရပ်တည်နေတာပါ။ အင်တာမိုင်ယာမီအသင်းဟာ လာမယ့်မေဂျာလိဂ်ပွဲစဉ်အဖြစ် အော်လန်ဒိုစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။