ချယ်လ်ဆီးအသင်းဟာ အငှားနဲ့ခေါ်ယူထားတဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို နွေရာသီမှာ အပြီးသတ်မခေါ်ယူဖို့ဆုံးဖြတ်ခဲ့ရင် မန်ယူနိုက်တက်အသင်းကို ပေါင်(၅)သန်းပေးချေရဖွယ်ရှိနေပါတယ်။
ဆန်ချိုရဲ့အငှားအပြောင်းအရွှေ့ထဲမှာ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အနိမ့်ဆုံးအမှတ်ပေးဇယားအဆင့်(၁၄)နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ရင် ပေါင်သန်း(၂၀)ကနေ (၂၅)သန်းကြားပေးပြီး အပြီးသတ်ခေါ်ယူရမယ့် အချက်ပါဝင်နေတာပါ။

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ(၉)ပွဲသာ ကစားဖို့ကျန်ရှိတော့ချိန်မှာ ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယားအဆင့်(၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးသတ်ဝယ်ယူဖို့နီးစပ်နေပေမယ့် မန်ယူနိုက်တက်အသင်းကို လျော်ကြေးပေါင်(၅)သန်းပေးပြီး ပြန်ပို့နိုင်တဲ့အချက် စာချုပ်ထဲမှာပါဝင်တယ်လို့ The Athletic က ဖော်ပြထားတာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီအချက်ကို မစဉ်းစားဘူးလို့အရင်က ပြောခဲ့ဖူးပေမယ့် ဆန်ချိုအနေနဲ့ လာမယ့်ရာသီ ချယ်လ်ဆီးအသင်းမှာ ဆက်ရှိမလားဆိုတာတော့ သံသယဖြစ်နေဆဲလို့ သိရပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဆန်ချိုကို အငှားချထားပေမယ့် သူ့ရဲ့လုပ်ခလစာတစ်ဝက်ကို ပေးချေနေရတာကြောင့် လာမယ့်နွေရာသီမှာ အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။ ဆန်ချိုကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောထားပါတယ်။
ဆန်ချိုဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၂၈)ပွဲပါဝင်ကစားထားပြီး (၂)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ထားပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရတာပါ။ ဆန်ချိုနဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ်နွေရာသီအထိရှိနေပေမယ့် နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေပါတယ်။
Discussion