ဆန်းတို့စ်အသင်းနဲ့ စာချုပ်သစ်သဘောတူညီမှုမရသေးတာကြောင့် နေမာ ထွက်ခွာဖွယ်ရှိနေ
ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးတာကြောင့် စာချုပ်ကုန်ဆုံးမယ့် ဇွန်လကုန်ရင်ထွက်ခွာဖွယ်ရှိနေပါတယ်။ ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရတဲ့ နေမာဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဆန်းတို့စ်အသင်းထံ ကာလတိုစာချုပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။
နေမာဟာ ဆန်းတို့စ်အသင်းမှာလည်း ဒဏ်ရာတွေနဲ့ ကြံ့ခိုင်မှုပိုင်းကြောင့် ပွဲကစားချိန်အကန့်အသတ်နဲ့သာ ရရှိခဲ့ကာ ပြီးခဲ့တဲ့ CRB အသင်းနဲ့ Copa do Brasil တတိယအဆင့်ပွဲစဉ်မှာ လူစားဝင်အဖြစ်ပြန်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်းတို့စ်အသင်းဟာ ဒီပွဲမှာ CRB အသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာအရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ နေမာဟာ ပွဲအပြီး Amazon Prime နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆန်းတို့စ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမလားဆိုတာ သူမသိဘူးလို့ ဆိုခဲ့ပါတယ်။
နေမာအနေနဲ့ စာချုပ်သက်တမ်းမတိုးဖို့ဆုံးဖြတ်ခဲ့ရင် စာချုပ်အရ ဆန်းတို့စ်အသင်းအတွက် ကစားပေးဖို့(၃)ပွဲသာ ကျန်ရှိတော့တာပါ။ ဒီရာသီမှာ ဘရာဇီးလ်စီးရီးအေကို တန်းပြန်တက်နိုင်ခဲ့တဲ့ ဆန်းတို့စ်အသင်းဟာ ရလဒ်တွေဆိုးနေပြီး အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၉)နေရာရပ်တည်နေတာဖြစ်ပါတယ်။ နေမာဟာ ဆန်းတို့စ်အသင်းအတွက် (၁၀)ပွဲပါဝင်ကစားထားပြီး (၃)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ထားတာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ပစ်မှတ်ထားနေတဲ့နေမာဟာ ဥရောပမှာ ပြန်လာကစားဖို့စိတ်အားထက်သန်နေပြီး ဘယ်အသင်းက သူ့ကို ခေါ်ယူမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။