မန်ယူနိုက်တက်အသင်းရဲ့အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်က အသင်းရဲ့ကွင်းသစ်ပုံစံငယ်ကို ပရိသတ်တွေကို အသိပေးကြေညာခဲ့ရာမှာ ပရိသတ်တချို့ထံက အနုတ်လက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေကိုရရှိခဲ့ပါတယ်။

ပေါင်(၂)ဘီလီယံအထိကုန်ကျခံတည်ဆောက်မယ့် ပရိသတ်(၁)သိန်းဆံ့ ကွင်းသစ်ကို ကြီးကျယ်ခမ်းနားတဲ့ပုံစံ ဒီဇိုင်းရေးဆွဲထားပေမယ့် ပရိသတ်တချို့ကတော့ ဒါကို အကောင်းမမြင်ဘဲ အလွန်ဆိုးရွားတဲ့ဒီဇိုင်းအဖြစ်သာ ရှုမြင်ခဲ့ကြပါတယ်။

ပရိသတ်အတော်များများက ဒီကွင်းသစ်ဟာ ဆပ်ကပ်ပွဲတွေကျင်းပတဲ့အခါ တည်ဆောက်ထားတဲ့ ယာယီရွက်ဖျင်တဲနဲ့တူတယ်လို့ ဆိုရှယ်စာမျက်နှာတွေမှာ ရေးသားလှောင်ပြောင်ခဲ့ကြတာပါ။

ရုပ်သံဘောလုံးဝေဖန်သူတစ်ဦးဖြစ်တဲ့ ပေါလ်မာဆင်ကလည်း ဒီကွင်းသစ်စီမံကိန်းကို ဝေဖန်ခဲ့ပြီး မလိုအပ်ဘဲတည်ဆောက်တဲ့ စီမံကိန်းတစ်ခုအဖြစ်သာ ရှုမြင်ခဲ့ပါတယ်။

ပေါလ်မာဆင်က "ချယ်လ်ဆီးအသင်းကွင်းသစ်ဆောက်တာ ကျွန်တော်နားလည်ပေးလို့ရပါတယ်။ သူတို့ လက်ရှိကွင်းက ပရိသတ် (၃၈၀၀၀)ဝန်းကျင်လောက်သာ ဆံ့တာကိုး။ ဒါကြောင့် ဒီထက်ပိုကြီးမားတဲ့ ကွင်းကိုသူတို့အလိုရှိတာ လက်ခံလို့ရတယ်။ မန်ယူနိုက်တက်အသင်းကတော့ သူများတကာထက် ပိုကြီးမားတဲ့ပရိသတ်(၇၀၀၀၀)ဆံ့ကွင်း ရှိနေပါလျက်နဲ့ ဘာကြောင့် ကွင်းသစ်ကို လိုအပ်နေရတာလဲ။ သူတို့လိုအပ်နေတာ ကစားသမားကောင်းတွေဖြစ်ပြီး အသင်းကောင်းတစ်သင်းကို လိုအပ်နေတာပါ"လို့ ဆိုခဲ့ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ကတော့ (၅)နှစ်ခန့်အချိန်ယူတည်ဆောက်မယ့် ဒီကွင်းသစ်ဟာ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံးကွင်းတစ်ကွင်းဖြစ်လာလိမ့်မယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် မန်ယူနိုက်တက်အသင်းအတွက်သာမက အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ပွဲတွေကိုလည်း ဒီကွင်းမှာ ကျင်းပနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ဒါကိုလည်း ပေါလ်မာဆင်က ဝေဖန်ခဲ့ပြီး "ဂျင်ရက်ကလစ်ဖ်ပြောတာ ကျွန်တော်ကြားပါတယ်။ အင်္ဂလန်အသင်းအတွက် သူစိုးရိမ်နေဖို့ မလိုပါဘူး။ လက်ရွေးစင်အသင်းအတွက် သူစိုးရိမ်စရာ မလိုအပ်ပါဘူး။ သူ့ရဲ့မန်ယူနိုက်တက်အသင်းအတွက်သာ စိုးရိမ်ရမှာပါ။ ကျွန်တော်သာ မန်ယူနိုက်တက်အသင်းရဲ့ပရိသတ်တစ်ယောက်ဖြစ်နေမယ်ဆိုရင် ဒီကွင်းသစ်စီမံကိန်းကို အလွန်ဒေါသထွက်မိမှာ အမှန်ပါပဲ"လို့ ဆိုခဲ့ပါတယ်။