မန်ယူနိုက်တက်အသင်းခေါင်းဆောင်ဂယ်ရီနဗီးလ်ဟာ ဘောလုံးနဲ့ မပတ်သက်တဲ့ စီးပွားရေးနယ်ပယ်သစ်တစ်ခုကို ခြေချခဲ့ပါတယ်။ လက်ရှိမှာ အသက်(၅၀)အရွယ် ဂယ်ရီနဗီးလ်က Sky Sports ရုပ်သံမှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် တာဝန်ယူထားပြီး "Stick to Football" podcast အစီအစဉ်မှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူထားတာပါ။

ဘောလုံးနဲ့မပတ်သက်တဲ့စီးပွားရေးအဖြစ် ဂယ်ရီနဗီးလ်ဟာ အရင်ကတည်းက မန်ချက်စတာမြို့မှာ ဟိုတယ်နှစ်လုံးကို အသင်းဖော်ရိုင်ယန်ဂစ်နဲ့ ပူးတွဲပိုင်ဆိုင်ထားပါတယ်။ အခုနောက်ထပ် ဘောလုံးနဲ့မပတ်သက်တဲ့ စီးပွားရေးနယ်ပယ်တစ်ခုကို ဂယ်ရီနဗီးလ်က ခြေလှမ်းထပ်လှမ်းခဲ့ပြီး ဆွစ်ဇာလန်နာရီထုတ်လုပ်ရေးလုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းခဲ့တာပါ။

ဂယ်ရီနဗီးလ်ဟာ Norqain နာရီထုတ်လုပ်ရေးကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ထဲမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒီကုမ္ပဏီက ဆွစ်ဇာလန်ရေခဲပြင်ဟော်ကီကစားသမားမာ့ခ်စထရိတ်က တည်ထောင်ထားတာဖြစ်ပြီး ဂယ်ရီနဗီးလ်လို ဒီကုမ္ပဏီရဲ့ထိပ်တန်းဘုတ်အဖွဲ့ထဲမှာ ပါဝင်သူက အီတလီနာမည်ကျော်ဂိုးသမားဘူဖွန် ဖြစ်ပါတယ်။

ဂယ်ရီနဗီးလ်အနေနဲ့ Norqain နာရီအမှတ်တံဆိပ်ကို ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေမှာ ပျံ့နှံ့အောင်ပါဝင်ကူညီပေးရမှာဖြစ်ပါတယ်။ Norqain နာရီတွေဟာ တန်ဖိုး (၁၉၂၀)ပေါင် (မြန်မာငွေ ၁၁၀ သိန်းခန့်)ကနေပေါင်(၁၀၉၀၀)ခန့်(မြန်မာငွေ ၆၂၀ သိန်းခန့်)အထိ ရှိပြီး ဂိုးသမားဘူဖွန်ကိုယ်တိုင် ရိုက်ကူးထားတဲ့ကြော်ငြာတွေကို ဒီကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်ထဲမှာတွေ့နိုင်ပါတယ်။

အခုလက်ရှိမှာ ဂယ်ရီနဗီးလ်နဲ့ ရိုင်ယန်ဂစ်တို့ ပူးတွဲပိုင်ဆိုင်တဲ့ မန်ချက်စတာမြို့က Hotel Football ဟိုတယ်နဲ့ The Stock Exchange ဟိုတယ်တို့အနေနဲ့ သိပ်ပြီး အခြေအနေမကောင်းတာကြောင့် ဂယ်ရီနဗီးလ်ဟာ နောက်ထပ်စီးပွားရေးလုပ်ငန်းသစ်တစ်ခုကို စတင်ခြေလှမ်းနေတာဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။