စီးရီးအေဖလားရယူပြီးနောက် မိနစ်အနည်းငယ်အကြာမှာပဲ နည်းပြကွန်တီ ဖိအားတွေအောက်ကို ပြန်လည်ရောက်ရှိ

နာပိုလီအသင်းက ကာဂလီယာရီအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီစီးရီးအေဖလားကို ရယူနိုင်ခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာပဲ နည်းပြကွန်တီဟာ အသင်းဥက္ကဋ္ဌဒီလော်ရန်းတစ်ရဲ့သတိပေးမှုကြောင့် ဖိအားတွေအောက်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကမှ နာပိုလီအသင်းကို နည်းပြသစ်အဖြစ်ကိုင်တွယ်ခဲ့တဲ့ ကွန်တီဟာ သူ့ရဲ့ပထမဆုံးရာသီမှာ အသင်းကို စီးရီးအေဖလား(၄)ကြိမ်မြောက်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။

အီတလီလူမျိုးနည်းပြကွန်တီဟာ ဂျူဗင်တပ်စ်၊ အင်တာမီလန်အသင်းတို့နဲ့လည်း စီးရီးအေဖလားကို ရယူနိုင်ခဲ့တာကြောင့် မတူညီတဲ့ကလပ်အသင်း(၃)သင်းနဲ့ စီးရီးအေဖလားကို ရယူနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ကွန်တီဟာ နာပိုလီအသင်းကို စီးရီးအေဖလားရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် ဒီရာသီစီးရီးအေအကောင်းဆုံးနည်းပြဆုကိုလည်း ရရှိခဲ့တာပါ။

ဒါပေမယ့် ကွန်တီဟာ လာမယ့်ရာသီအကြောင်းကို စပြီးတွေးနေတဲ့ အသင်းဥက္ကဋ္ဌဒီလော်ရန်းတစ်ကြောင့် ဖိအားတွေအောက်ကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆိုးရွားတဲ့ရလဒ်တွေနဲ့ စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၀)နေရာရပ်တည်ကာ ရာသီအဆုံးသတ်ခဲ့တာကြောင့် ဒီရာသီမှာ ဥရောပြိုင်ပွဲယှဉ်ပြိုင်ခွင့်မရရှိခဲ့တာပါ။ ဒါပေမယ့်နာပိုလီအသင်းဟာ ဒီရာသီစီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

နာပိုလီအသင်းဟာ ၁၉၈၉ က အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာတို့ရယူပေးနိုင်ခဲ့တဲ့ UEFA Cup နောက်ပိုင်း ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုနဲ့ဝေးကွာခဲ့တာကြောင့် ဒီလော်ရန်းတစ်ဟာ အသင်းကို ပထမဆုံးဥရောပဖလားရယူပေးဖို့ ဆာလောင်နေတာပါ။ ဒီလော်ရန်းတစ်ဟာ ပွဲအပြီး DAZN နဲ့ အင်တာဗျူးမှာ ကွန်တီအနေနဲ့ လာမယ့်ရာသီမှာ နာပိုလီအသင်းကို ချန်ပီယံလိဂ်ဖလားရယူပေးနိုင်ရင် သူအလွန်ပျော်ရွှင်မယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။