စီရော်နယ်ဒိုဂျုနီယာရဲ့ပေါ်တူဂီယူ-၁၅ ပွဲဦးထွက်ကို မန်ယူနိုက်တက်အသင်းကင်းထောက်ကြည့်ရှုခဲ့

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့အကြီးဆုံးသားဖြစ်သူ စီရော်နယ်ဒိုဂျူနီယာရဲ့ပေါ်တူဂီယူ-၁၅ ပွဲဦးထွက်ကို မန်ယူနိုက်တက်အသင်းက ကင်းထောက်တစ်ဦးကြည့်ရှုမှုပြုလုပ်ခဲ့ပါတယ်။ အသက်(၁၄)နှစ်အရွယ်ရှိ စီရော်နယ်ဒိုဂျူနီယာဟာ ခရိုအေးရှားနိုင်ငံမှာကျင်းပနေတဲ့ Vlatko Markovic နိုင်ငံတကာပြိုင်ပွဲဝင် ပေါ်တူဂီယူ-၁၅ အသင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ခြင်းခံခဲ့ရတာပါ။

စီရော်နယ်ဒိုဂျူနီယာဟာ ပေါ်တူဂီယူ-၁၅ အသင်းက ဂျပန်ယူ-၁၅ အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပေါ်တူဂီယူ-၁၅ အသင်းအတွက် ပွဲဦးထွက်အဖြစ် ပွဲချိန်(၅၄)မိနစ်မှာလူစားလဲဝင်ရောက်ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူကစားနေတဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာလူငယ်အသင်းမှာ ပါဝင်ကစားနေတဲ့ စီရော်နယ်ဒိုဂျူနီယာကို ဥရောပကလပ်အများအပြားက စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

The Sun က ဒီအသင်းတွေထဲမှာ မန်ယူနိုက်တက်အသင်းလည်းပါဝင်ပြီး သူ့ကိုခေါ်ယူဖို့အတွက် စပါးအသင်း၊ဘွန်ဒစ်လီဂါကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ စီရော်နယ်ဒိုဂျူနီယာဟာ ပေါ်တူဂီယူ-၁၅ အသင်းအတွက်ပွဲဦးထွက်မှာ ကျောနံပတ်(၇)ကို ဝတ်ဆင်ခဲ့ပြီး ဖခင်ဖြစ်သူရဲ့ခြေရာအတိုင်းလိုက်နင်းနိုင်ဖို့ ပြင်ဆင်နေတာပါ။ စီရော်နယ်ဒိုကတော့ သားဖြစ်သူ ပေါ်တူဂီယူ-၁၅ အသင်းအတွက် ပွဲဦးထွက်ခဲ့ပြီးနောက် သူအလွန်ဂုဏ်ယူတယ်လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားထားပါတယ်။

စီရော်နယ်ဒိုဟာ သူ့ကစားသမားဘဝကအနားမယူမီ သားဖြစ်သူနဲ့အတူတွဲကစားနိုင်ဖို့ အိပ်မက်ရှိနေတဲ့အကြောင်းကို ပြောထားဖူးပါတယ်။ စီရော်နယ်ဒိုဂျူနီယာဟာ ဖခင်ဖြစ်သူကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်စ်နဲ့ မန်ယူနိုက်တက်လူငယ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတာကြောင့် မန်ယူနိုက်တက်အသင်းဟာ သူနဲ့ မစိမ်းတဲ့အသင်းဖြစ်ပြီး အနာဂတ်မှာ ပြောင်းရွှေ့ကစားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။