မန်ယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်သူ လက်ရှိအယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုက မြင့်မားတဲ့လစာငွေတွေ၊ ပုံရိပ်အသုံးပြုခွင့်စပွန်ဆာကြေးတွေကြောင့် ကြွယ်၀ချမ်းသာတဲ့ ကစားသမားဘ၀ကိုပိုင်ဆိုင်ထားသူပါ။
စီရော်နယ်ဒိုဟာ သူ့ရဲ့ဝင်ငွေအရပ်ရပ်အရ ကြွယ်၀ချမ်းသာမှု ပေါင်သန်း(၆၀၀)လောက်ရှိနိုင်တယ်လို့ မီဒီယာတွေက သတ်မှတ်ထားတာပါ။
ဒါပေမယ့် စီရော်နယ်ဒိုရဲ့ကြွယ်၀ချမ်းသာမှုက ဘောလုံးသမားတွေထဲမှာ အမြင့်မားဆုံးမဟုတ်ဘဲ သူ့ထက် ငွေကြေးချမ်းသာကြွယ်၀သူတွေများစွာရှိပါသေးတယ်။ ဒီကစားသမားတွေထဲမှာ ပရိသတ်တွေ ထင်မှတ်မထားဘဲ မေ့မေ့ပျောက်ပျောက်ရှိနေသူတစ်ဦးရှိနေပါတယ်။
သူကတော့ တစ်ချိန်က မန်ယူနိုက်တက်တိုက်စစ်မှာကစားခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးလူးဝစ်ဆာဟာ ဖြစ်ပါတယ်။

ဆာဟာအနေနဲ့ စီရော်နယ်ဒိုထက် (၇)ဆလောက်အထိအောင် ချမ်းသာနေပြီး မန်ယူနိုက်တက်အသင်းအသစ်တည်ဆောက်မယ့် ကွင်းသစ်တန်ကြေးရဲ့နှစ်ဆကျော် ပမာဏကို ပိုင်ဆိုင်ထားပါတယ်။
စီရော်နယ်ဒိုနဲ့အတူ မန်ယူနိုက်တက်အသင်းမှာ အသင်းဖော်တစ်ဦးဖြစ်ခဲ့တဲ့ ဆာဟာဟာ ၂၀၁၃ ခုနှစ်က ဘောလုံးကစားခြင်းကအနားယူပြီး ကိုယ်ပိုင်ကုမ္ပဏီ တစ်ခုတည်ထောင်ထားသူပါ။
စီးပွားရေးအမြင်ရှိသူဆာဟာက အခြားဘောလုံးသမားအတော်များများလို ဘောလုံးလောကမှာ ဇာတ်မျောမနေဘဲ အသက်(၃၅)နှစ်အရွယ် အရွယ်ကောင်းမှာပဲ သူ့ဘ၀အချိုးအကွေ့ကို လှပစွာစတင်ခဲ့သူပါ။
မန်ယူနိုက်တက်အသင်းသာမက နယူးကာဆယ်၊ ဖူလ်ဟမ်၊ အဲဗာတန်၊ စပါး၊ ဆန်းဒါးလန်း၊ လာဇီယို၊ မတ်ဇ်အစရှိတဲ့အသင်းတွေမှာ ကစားခဲ့တဲ့ဆာဟာအနေနဲ့ ဘောလုံးအသိုင်းအဝိုင်းမှာ အသိမိတ်ဆွေပေါများတာကို အခွင့်ကောင်းယူပြီး သူ့ရဲ့ကုမ္ပဏီကို အကျိုးဖြစ်ထွန်းစေခဲ့တာပါ။

သူ့ရဲ့ AxisStars ကုမ္ပဏီက အားကစားသမားတွေနဲ့ စီးပွားရေးသမားတွေကို ချိတ်ဆက်ပေးတဲ့ ပေါင်းကူးတစ်ခုလိုဖြစ်ပါတယ်။ သူ့ကုမ္ပဏီက အားကစားစီးပွားရေးလောကမှာ ကြီးမားတဲ့ကွန်ယက်(network)တစ်ခုလို ဖြစ်စေပါတယ်။
သူ့ကြောင့် အားကစားသမားတွေ/ကစားသမားဟောင်းတွေအနေနဲ့ ငွေကြေးအဆင်ပြေသလို သူကိုယ်တိုင်လည်း စီးပွားဖြစ်ခဲ့ပါတယ်။
ဒါကြောင့် အချိန်တိုအတွင်း ဆာဟာရဲ့ပိုင်ဆိုင်မှုက ပေါင်(၄.၃)ဘီလီယံခန့်ရှိနေပြီး လက်ရှိအချိန်အထိ ဘောလုံးကစားရင်း ငွေရှာနေရသူ စီရော်နယ်ဒိုထက် (၇)ဆလောက် ကြွယ်၀ချမ်းသာတဲ့ဘ၀ကို ပိုင်ဆိုင်နေတာပါ။

ဆာလာထက်ပိုကြွယ်၀သူကတော့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဖလာမီနီုဖြစ်ပြီး သူကတော့ GF Biochemicals ဆိုတဲ့ ဇီ၀ဓါတုကုမ္ပဏီ တည်ထောင်ထားတာပါ။ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူဟောင်း ဖလာမီနီရဲ့ကြွယ်၀ချမ်းသာမှုက ပေါင်(၂၁)ဘီလီယံလောက်ရှိနေပြီး စီရော်နယ်ဒိုထက် (၃၅)ဆလောက်၊ ဆာဟာထက်(၅)ဆလောက် ချမ်းသာနေပါတယ်။
Discussion