၂၀၂၄-၂၅ CONCACAF Nations League ပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာ မက္ကဆီကိုအသင်းက ပနားမားအသင်းကို (၂-၁)ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံအဖြစ်ဗိုလ်စွဲခဲ့ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီက စတင်ကျင်းပခဲ့တဲ့ဒီပြိုင်ပွဲမှာ အမေရိကန်အသင်းက (၃)ကြိမ်ဆက်တိုက်ဗိုလ်စွဲပြီး ဒီပြိုင်ပွဲအပေါ်လွှမ်းမိုးထားတာကို မက္ကဆီကိုအသင်းက ရပ်တန့်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးဗိုလ်လုပွဲမှာ မက္ကဆီကိုအသင်းက ပနားမားအသင်းကို ထပ်ဆောင်းအချိန်ပိုမှာ ရခဲ့တဲ့ ပယ်နယ်တီအနိုင်ဂိုးနဲ့ အနိုင်ယူပြီးချန်ပီယံဆုကို ရယူခဲ့တာပါ။

ဒီပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ဆီမီးဖိုင်နယ်(၂)ပွဲနဲ့ ဗိုလ်လုပွဲ၊ တတိယလုပွဲတွေကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြီး ကာလီဖိုးနီးယားပြည်နယ်က SoFi ကွင်းမှာ လက်ခံကျင်းပခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်အသင်းဟာ ကိုယ့်မြေကိုယ့်ကွင်းမှာ တစ်ပွဲမှမနိုင်ဘဲ ဆီမီးဖိုင်နယ်မှာ ပနားမားအသင်းကို (၀-၁)ဂိုးနဲ့ရှုံးခဲ့သလို၊ တတိယနေရာလုပွဲမှာလည်း ကနေဒါကို (၁-၂)ဂိုးနဲ့ရှုံးတာကြောင့် နောက်ဆုံးအဆင့်(၄)သင်းပြိုင်ပွဲမှာ စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အမေရိကန်အသင်းကို ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလကစပြီး စပါး၊ PSG နဲ့ ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုက နည်းပြအဖြစ်ကိုင်တွယ်နေပြီး အခု CONCACAF Nations League ရလဒ်ဆိုး(၂)ပွဲက သူ့အပေါ်လည်း ဖိအားများစေခဲ့ပါတယ်။

အထူးသဖြင့် "(အမေရိကန်သမ္မတ)ဒေါ်နယ်ထရမ့်နဲ့ ပရိသတ်တွေရဲ့အားပေးကူညီမှုတွေနဲ့အတူ အမေရိကန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်တယ်"လို့ ပိုချက်တီနိုက ပြောဆိုအပြီး ပနားမားအသင်းကို ရှုံးခဲ့တာကြောင့် သူ့စကားက လှောင်ပြောင်စရာ ဖြစ်သွားခဲ့ပါတယ်။