အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားချင်နေတာကြောင့် လာမယ့်ရာသီ စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် နွေရာသီမှာထွက်ခွာဖွယ်ရှိနေပါတယ်။

အာဂျင်တီးနားလူမျိုးနည်းပြ ဆီမြွန်နီကိုင်တွယ်နေတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ရိုမဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိ ရိုမဲရိုးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စပါးအသင်းရဲ့လူစာရင်းအင်အားနည်းမှုကို မီးမောင်းထိုးပြခဲ့ပြီး စပါးအသင်းအကြီးအကဲတွေကို ဝေဖန်မှုခဲ့ပါတယ်။ ဒီရာသီမှာဒဏ်ရာတွေနဲ့ ပွဲပယ်ကြောင့် စပါးအသင်းရဲ့ပွဲအများအပြားကို လွဲချော်ခဲ့တဲ့ ရိုမဲရိုးဟာ အာဂျင်တီးနားဆေးအဖွဲ့ဝင်တွေကိုလည်း ချီးကျူးမှုတွေပြုလုပ်ထားတာပါ။

အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ရိုမဲရိုးဟာ ၂၀၂၁ ခုနှစ်က အတ္တလန်တာအသင်းကနေ ပေါင်(၄၃)သန်းနဲ့ ရောက်ရှိလာပြီးကတည်းက ယာယီနည်းပြတွေအပါအဝင် စပါးအသင်းမှာ နည်းပြ(၅)ဦးနဲ့ လက်တွဲအလုပ်လုပ်ခဲ့ရပါတယ်။ စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၄)နေရာရပ်တည်နေပြီး ချန်ပီယံဆုရယူနိုင်ဖို့ တစ်ခုတည်းသောမျှော်လင့်ချက်က ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် ဗိုလ်စွဲဖို့ ဖြစ်ပါတယ်။

စပါးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့ရင် နည်းပြပိုစတီကိုဂလူးကို ထုတ်ပယ်ဖွယ်ရှိနေပြီး ရိုမဲရိုးအပါအဝင် ကစားသမားအများအပြားဟာလည်း အပြောင်းအရွှေ့ ဖြစ်လာဖွယ်ရှိနေတာပါ။