မနေ့က ချယ်လ်ဆီး(၁-၀)စပါး ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းပရိသတ်တွေထံ သူ့ရဲ့နားရွက်အနောက်ကို လက်နဲ့ဖွင့်တဲ့ ပုံစံပြုလုပ်ခဲ့တာဟာ စပါးအသင်းပရိသတ်တွေကို ဆန့်ကျင်ဖို့ကြိုးစားခဲ့တာမဟုတ်ဘူးလို့ နည်းပြပိုစတီကိုဂလူးက ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ပိုစတီကိုဂလူးဟာ ဒီပွဲအတွက်လူစားလဲမှုပြုလုပ်ချိန်မှာ စပါးအသင်းပရိသတ်တွေက "ခင်ဗျားဘာလုပ်နေလဲဆိုတာခင်ဗျားမသိဘူး"လို့ သံပြိုင်အော်ခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာ လူစားလဲဝင်ရောက်လာတဲ့သူက ဂိုးသွင်းခဲ့တဲ့အတွက် အခုလိုပုံစံပြုလုပ်ခဲ့တာပါ။
စပါးအသင်းနည်းပြပိုစတီကိုဂလူးဟာ ဒီပွဲရဲ့ပွဲချိန်(၆၄)မိနစ်မှာ ဘာ့ဂ်ျဗယ်လ်နဲ့ အော်ဒိုဘတ်တို့ရဲ့နေရာမှာ ပါပီဆားနဲ့ ဘရီနန်ဂျွန်ဆင်တို့ကိုလူစားလဲချိန်မှာ စပါးအသင်းပရိသတ်တွေရဲ့ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပွဲချိန်(၆၉)မိနစ်မှာ ပါပီဆားက စပါးအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် နည်းပြပိုစတီကိုဂလူးဟာ စပါးအသင်းပရိသတ်တွေကို ရည်ရွယ်တဲ့အောင်ပွဲခံမှုကို ပြုလုပ်ခဲ့တာပါ။
ဒါပေမယ့် ပါပီဆားဟာ ဒီသွင်းဂိုးကို သွင်းယူနိုင်ဖို့အတွက် ချယ်လ်ဆီးကွင်းလယ်လူ ကိုင်စီဒိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက သွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ကစားအပြီးမှာ (၁၆)ပွဲမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ပိုစတီကိုဂလူးက ပွဲအပြီး Sky Sports နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ စပါးအသင်းပရိသတ်တွေကို ဆန့်ကျင်ဖို့ကြိုးစားခဲ့တာမဟုတ်ဘဲ ပရိသတ်တွေရဲ့အားပေးသံကို ကြားချင်ခဲ့တာလို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် စပါးအသင်းနည်းပြပိုစတီကိုဂလူးက ပရိသတ်တွေသူ့ကိုလှောင်ပြောင်မှုပြုလုပ်တာဟာ ပထမဆုံးအကြိမ်မဟုတ်တာကြောင့် သူ့အတွက် စိတ်အနှောက်အယှက်မဖြစ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။ ပိုစတီကိုဂလူးဟာ မကြာခဏဆိုသလို စပါးအသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုကိုခံခဲ့ရပြီး အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် သူ့ရဲ့ရာထူးဟာ လှုပ်ခတ်မှုတွေရှိနေပါတယ်။
Discussion