ချယ်လ်ဆီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၀)မှာ လန်ဒန်မြို့ခံပြိုင်ဘက်စပါးအသင်းကို (၁-၀)ဂိုးနဲ့အနိုင်ယူပြီး အမှတ်ပေးဇယားမှာ အဆင့်(၆)နေရာကနေ အဆင့်(၄)နေရာကို ပြန်တက်လာနိုင်ခဲ့ပါတယ်။

အဆင့်(၄)နေရာက မန်စီးတီးက အဆင့်(၅)၊ အဆင့်(၅)နေရာက နယူးကာဆယ်က အဆင့်(၆)ကို အောက်တစ်ဆင့်စီ ပြန်ဆင်းပေးခဲ့ရပါတယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို အင်္ဂလန်ကလပ်အသင်းတွေအနေနဲ့ (အပိုဝင်ခွင့်တစ်နေရာရဖို့ သေချာသလောက်ဖြစ်နေတာကြောင့်) (၅)သင်းအထိ ဝင်ခွင့်ရဖွယ်ရှိနေပြီး ပရီးမီးယားလိဂ်ထိပ်ဆုံး(၅)သင်းဝင်ဖို့ ပြိုင်ဆိုင်မှုက တဖြည်းဖြည်းပိုမို ပြင်းထန်လာတော့မှာဖြစ်ပါတယ်။

ချယ်လ်ဆီး-စပါးပွဲမှာ စပါးအသင်းအနေနဲ့ အိမ်ရှင်အသင်းကို ခြေရည်တူကစားပြီး ဂိုးရဖို့လည်း အခွင့်အရေးတွေရခဲ့ပေမယ့် စပါးတိုက်စစ်က ဆိုလန်ကီ၊ ဆွန်ဟောင်မင်၊ အော်ဒိုဘတ်အစရှိတဲ့ကစားသမားတွေအနေနဲ့ အဆုံးသတ်အားနည်းခဲ့တာကြောင့် ဂိုးမရခဲ့ဘဲ ပွဲချိန်မိနစ်(၅၀)မှာ ချယ်လ်ဆီးကွင်းလယ်လူအန်ဇိုဖာနန်ဒက်ဇ်သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ အရှုံးပေးခဲ့ရတာပါ။

အဆင့်(၁၄)နေရာမှာ ရပ်တည်နေရတဲ့ စပါးအသင်းအနေနဲ့ ဒီပွဲအနိုင်ရရင် မန်ယူနိုက်တက်အသင်းကို ဂိုးကွာခြားချက်အသာနဲ့ ကျော်ဖြတ်ပြီး အဆင့်(၁၃)နေရာကို တက်လာနိုင်မယ့် အခွင့်အရေးရှိပေမယ့် ဒီပွဲရှုံးနိမ့်ခဲ့တာကြောင့် အဆင့်(၁၄)နေရာမှာပဲ ရမှတ်(၃၄)မှတ်နဲ့ ဆက်ပြီးကျောက်ချနေရပါတယ်။

နောက်ဆုံးကစားခဲ့တဲ့(၄)ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တဲ့ စပါးအသင်းဟာ အများဆုံးရနိုင်တဲ့ရမှတ်(၁၂)မှတ်ထဲက (၁)မှတ်သာရယူနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး(၂)ပွဲမှာ ဖူလ်ဟမ်၊ ချယ်လ်ဆီးအစရှိတဲ့လန်ဒန်ပြိုင်ဘက်အသင်းတွေကို ဆက်တိုက်ရှုံးခဲ့ရတာဖြစ်ပါတယ်။

စပါးအသင်းအနေနဲ့ တန်းဆင်းဇုန်ထဲက အသင်းတွေနဲ့ အနည်းဆုံးရမှတ်(၁၄)မှတ်အထိကွာဟနေလို့ တန်းဆင်းဖို့အတွက် စိုးရိမ်စရာမရှိပေမယ့် အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် နည်းပြပိုစတီကိုဂလူးရဲ့အနာဂတ်က ပိုမိုဝေဝါးလာခဲ့ပြီဖြစ်ပါတယ်။