စပါးအသင်းနည်းပြပိုစတီကိုဂလူးအနေနဲ့ သူ့ရဲ့နည်းပြရာထူးကို ဆုံးရှုံးရဖို့ တဖြည်းဖြည်းပိုမိုနီးစပ်လာကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စပါးအသင်းဟာ ရလဒ်ဆိုးတွေကြုံတွေ့ခဲ့ရတာကြောင့် လက်ရှိမှာ အဆင့်(၁၄)နေရာကို ရောက်ရှိနေပြီး ပိုစတီကိုဂလူးဟာ ဖိအားများနေပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ (၂၉)ပွဲကစားပြီးချိန်မှာ ရှုံးပွဲ(၁၅)ပွဲအထိကြုံတွေ့နေပြီး ဒီရှုံးပွဲပမာဏက ပြီးခဲ့တဲ့ဆယ်စုနှစ်(၂)ခုအတွင်း စပါးအသင်းအတွက် တစ်ရာသီအတွင်းအများဆုံးရှုံးပွဲပမာဏဖြစ်ပါတယ်။

စပါးအသင်းအတွက် ဒီရာသီမှာ တစ်လုံးတည်းသောမျှော်လင့်စရာဖလားအဖြစ် ယူရိုပါလိဂ်ဖလားသာကျန်ရှိတော့ပြီး ဒီဖလားကို မရယူနိုင်ခဲ့ရင် သူ့ရဲ့နည်းပြရာထူးကို ဆုံးရှုံးရဖွယ်ရှိနေကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။
စပါးအသင်းထိပ်တန်းတာဝန်ရှိသူတွေဟာ လက်ရှိမှာ နည်းပြပိုစတီကိုဂလူးနေရာအစားထိုးဖို့ နည်းပြ(၃)ဦးကို ပစ်မှတ်ထားနေကြောင်းလည်း ဗြိတိန်သတင်းစာတွေက ဖော်ပြကြပါတယ်။
ဒီနည်းပြ(၃)ဦးက ဘုန်းမောက်အသင်းရဲ့ စပိန်လူမျိုးနည်းပြအီရာအိုလာ၊ ဖူလ်ဟမ်အသင်းရဲ့ပေါ်တူဂီလူမျိုးနည်းပြမာကိုဆေးလ်ဗားနဲ့ ဘရန့်ဖို့ဒ်အသင်းရဲ့ဒိန်းမတ်လူမျိုးနည်းပြသောမတ်စ်ဖရန့်ခ်တို့ဖြစ်ကြောင်း The Athletic သတင်းစာကဖော်ပြခဲ့ပါတယ်။

ပိုစတီကိုဂလူးဟာ သူကိုင်တွယ်တဲ့အသင်းတွေကို ဒုတိယရာသီရောက်ရင် ဆုဖလားရယူပေးနိုင်တယ်လို့ ကြုံးဝါးထားသူဖြစ်ပြီး သူ့အတွက် တစ်ခုတည်းသောဖလားဖြစ်တဲ့ ယူရိုပါလိဂ်ဖလားကို ဒီရာသီမှာ ရယူပေးနိုင်မလား ... စပါးအသင်းအနေနဲ့ ထုံးစံအတိုင်း ဖလားလက်မဲ့ရာသီကို ဖြတ်သန်းရဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
စပါးအသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Discussion