ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ဘိုင်ယန်မြူးနစ်အသင်းက အငှားနဲ့ရောက်ရှိလာခဲ့တဲ့ ပြင်သစ်တိုက်စစ်ကစားသမား မာသီးစ်တယ်လ်ဟာ စပါးအသင်းပရိသတ်တွေကို ဒေါသထွက်အောင်လုပ်ခဲ့ပြီးနောက် သူ့ရဲ့ဆိုရှယ်မီဒီယာပို့စ်ကိုဖျက်ကာ တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။
မာသီးစ်တယ်လ်ဟာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးမရရှိသေးသလို သူနောက်ဆုံးတင်ခဲ့တဲ့ ဆိုရှယ်မီဒီယာပို့စ်ကြောင့် စပါးအသင်းပရိသတ်တွေရဲ့ဒေါသထွက်မှုကို ရရှိခဲ့တာပါ။

မာသီးစ်တယ်လ်ဟာ ကြာသပတေးနေ့က သူ့ရဲ့Instagram မှာ ဖူလ်ဟမ်အသင်းတောင်ပံကစားသမား ဝီလီယံရဲ့နာမည်ပါဝင်တဲ့ ရှပ်အင်္ကျီဝတ်ဆင်ထားတဲ့ပုံအပါအဝင် ပုံအများအပြားကို တင်ခဲ့တာဖြစ်ပါတယ်။ ဝီလီယံဟာ စပါးအသင်းရဲ့လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတွေမှာ ကစားခဲ့ပြီး ဒီပို့စ်ကြောင့် မာသီးစ်တယ်လ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာရှိတဲ့ စပါးအသင်းပရိသတ်တွေရဲ့တုံ့ပြန်မှုကို ရရှိခဲ့တာပါ။
ပိုပြီးဆိုးရွားတဲ့အကြောင်းအရာကတော့ ဝီလီယံဟာ ၂၀၁၃ ခုနှစ်နွေရာသီက ရုရှားကလပ်အန်ဇီအသင်းကနေ စပါးအသင်းထံပြောင်းရွှေ့ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဝီလီယံဟာ စပါးအသင်းထံပြောင်းရွှေ့ဖို့ ဆေးစစ်မှုလည်း ပြီးမြောက်သွားခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ သူ့ရဲ့စိတ်ပြောင်းကာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့သွားခဲ့တာပါ။

ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား(၂)ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့တဲ့ ဝီလီယံဟာ စပါးအသင်းကို ငြင်းခဲ့တာက သူ့ရဲ့အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
အဲ့ဒါကြောင့် စပါးအသင်းပရိသတ်တွေဟာ ဝီလီယံရဲ့နာမည်ပါ အင်္ကျီကိုဝတ်ဆင်ခဲ့တဲ့ မာသီးစ်တယ်လ်ကို ဒေါသထွက်ခဲ့တာပါ။ မာသီးစ်တယ်လ်ကတော့ သူဟာ ဒီအဖြစ်အပျက်တွေကို မသိခဲ့တဲ့အတွက် တောင်းပန်ကြောင်းရှင်းပြပြီး သူ့ရဲ့ပို့စ်ကို ဖျက်ခဲ့တာဖြစ်ပါတယ်။
Discussion