စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ လာလီဂါပြိုင်ဘက် ရီးရဲလ်ဆိုစီဒက်အသင်းနဲ့အချိန်ပိုအထိကစားပြီး(၄-၄)ဂိုးနဲ့သရေကျခဲ့ပါတယ်။
ပထမအကျော့ အဝေးကွင်းပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ (၁-၀)ဂိုးနဲ့ နိုင်ထားတာကြောင့် နှစ်ကျော့ပေါင်း ရလဒ်(၅-၄) ဂိုးနဲ့အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီည ဆီမီးဖိုင်နယ်ဒုတိယအကျော့ကစားကြမယ့် ဘာစီလိုနာ(သို့မဟုတ်)အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီနှစ်သင်းက ပထမအကျော့ ဘာစီလိုနာကွင်းမှာ (၄-၄)ဂိုးနဲ့ သရေကျထားကြတာပါ။
ဒီနှစ်သင်းထဲက ဘယ်အသင်းပဲဗိုလ်လုပွဲကို တက်လာလာ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ချန်ပီယံဖြစ်ဖို့အတွက် ခက်ခဲတဲ့ပြိုင်ဘက်အသင်းကို ရင်ဆိုင်ရမှာအမှန်ပါပဲ။
ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်ဘုရင့်ဖလားပြိုင်ပွဲသက်တမ်းတစ်လျှောက်မှာ ဗိုလ်လုပွဲကို အကြိမ်(၄၀)အထိတက်ရောက်ခဲ့ဖူးပြီး ချန်ပီယံဖြစ်တာ(၂၀)ကြိမ်၊ ရှုံးနိမ့်လို့ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာ (၂၀)ကြိမ်ရှိခဲ့ပါတယ်။ဒါကြောင့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွေမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အနိုင်ရဗိုလ်စွဲနိုင်ခြေက(၅၀ %)ပဲရှိတာကိုတွေ့ရမှာပါ။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ (၂၁)ရာစုနှစ် စပိန်ဘုရင့်ဖလားပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုအလွန်နည်းပြီး (၂၀၀၀)ပြည့်နှစ်နောက်ပိုင်းဗိုလ်လုပွဲ(၆)ကြိမ်သာတက်နိုင်ခဲ့သလို (၃)ကြိမ်သာ ဗိုလ်စွဲနိုင်ခဲ့တာပါ။
ဘာပဲပြောပြောဆိုစီဒက်ကို ကျော်ဖြတ်ကာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဒီရာသီဖလား(၆)လုံးအိပ်မက်က ဆက်လက်ရှင်သန်နေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီမှာ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်တိုက်ကြီးများဖလားတို့ကို ရယူထားနိုင်ပြီး စပိန်စူပါဖလားမှာတော့ ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးနိမ့်လို့ ဖလားတစ်လုံးလက်လွှတ်ခဲ့ရပါတယ်။
ဖလား(၂)လုံးရထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ စပိန်ဘုရင့်ဖလား၊ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားအစရှိတဲ့ ဖလား(၄)လုံးကို ဆက်လက်မျှော်လင့်ခွင့်ရှိနေပြီး ဒီရာသီ ဖလား(၆)လုံးအိပ်မက် ဆက်လက်ရှင်သန်နေဆဲလို့ ဆိုရမှာဖြစ်ပါတယ်။
ဒီအထဲမှာ လာလီဂါဖလားက ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်အစရှိတဲ့အသင်းတွေနဲ့ အပြိုင်လုရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားမှာလည်း ဗိုလ်လုပွဲတက်နိုင်ဖို့ ကွာတားဖိုင်နယ်မှာ အာဆင်နယ်၊ ဆီမီးဖိုင်နယ်မှာ PSG (သို့မဟုတ်)အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ကျော်ဖြတ်ရမှာပါ။
ဖီဖာကလပ်ကမ္ဘာ့ဖလားကလည်း တစ်ကမ္ဘာလုံးက ကလပ်အသင်းအသီးသီးနဲ့ အပြိုင်နွှဲရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဖလား(၄)လုံးထဲမှာ အလွယ်ကူဆုံးက ဗိုလ်လုပွဲတက်ရောက်နေတဲ့ စပိန်ဘုရင့်ဖလားဖြစ်ပါတယ်။
ဒါပေမယ့် အစဉ်အလာအရ ဗိုလ်လုပွဲတက်တဲ့နှစ်တွေမှာ (အကြိမ် ၄၀ မှာ) တစ်ဝက်သာဗိုလ်စွဲနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဗိုလ်လုပွဲမှာ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ တွေ့မှာဖြစ်လို့ ဒီဖလားကလည်း ချန်ပီယံဖြစ်နိုင်ခြေ ၅၀-၅၀ လို့သာဆိုရမှာပါ။
ဒါကြောင့် ဖလား(၂)လုံးလက်ဝယ်ပိုင်ဆိုင်ထားပြီး ဖလား(၆)လုံးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်း ဒီရာသီမှာ ဖလားဘယ်နှလုံးအထိ ပိုင်ဆိုင်နိုင်မလဲ၊ တစ်ရာသီအတွင်း ဖလား(၆)လုံးအထိ ရယူဆွတ်ခူးနိုင်မလားဆိုတာ ရာသီလက်ကျန်ပွဲတွေမှာ ဆက်ကြည့်ရမှာပါ။
Discussion