မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်-၂ ပြိုင်ပွဲ (Premier League 2 - အင်္ဂလန်လိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတချို့ရဲ့ ယူ၂၁ လူငယ်အသင်းတွေပြိုင်ပွဲ)ရဲ့ ပွဲစဥ်တစ်ပွဲဖြစ်တဲ့ မန်ယူနိုက်တက် ယူ၂၁ - ဝက်စ်ဘရွန်းယူ၂၁အသင်းတို့ရဲ့ပွဲမှာ မန်ယူနိုက်တက် ယူ၂၁ အသင်းက (၅-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ အသင်းရဲ့ ပွဲသိမ်းဂိုးနှစ်ဂိုးကို ပွဲချိန်(၄၁) မိနစ်နဲ့ (၄၄) မိနစ်မှာ သွင်းယူခဲ့သူက ဂျက်ဖလက်ချာ(၁၇ နှစ်)ဖြစ်ပါတယ်။ သူက မန်ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း ဒါရင်းဖလက်ချာရဲ့ သားတော်စပ်သူဖြစ်ပါတယ်။
ဂျက်ဖလက်ချာ ဒီဂိုး(၂)ဂိုးသွင်းနိုင်အောင် ဖန်တီးပေးပို့ခဲ့သူက တိုင်လာဖလက်ချာ(၁၇ နှစ်)ဖြစ်ပါတယ်။ တိုင်လာဖလက်ချာက ဂျက်ဖလက်ချာသွင်းတဲ့(၂)ဂိုးစလုံးကို ဖန်တီးပေးခဲ့တာပါ။ တိုင်လာဖလက်ချာကလည်း ဒါရင်းဖလက်ချာရဲ့သားပဲဖြစ်ပါတယ်။

ဂျက်ဖလက်ချာနဲ့ တိုင်လာဖလက်ချာက အမြွာညီအစ်ကို တော်စပ်ကြပါတယ်။ ဒီအမြွာညီအစ်ကိုက အမိဝမ်းမှာ ကိုးလလွယ်စဉ် အတူရှိခဲ့ကြပြီး မိနစ်ပိုင်းသာခြားကာ လူ့လောကကို အတူရောက်လာကြသူတွေဖြစ်ပေမယ့် ကိုယ်စားပြုရာနိုင်ငံတွေကတော့ ကွဲပြားပါတယ်။

မန်ချက်စတာမြို့ဖွား ဂျက်ဖလက်ချာက သူမွေးဖွားကြီးပြင်းရာအင်္ဂလန်နိုင်ငံကို ကိုယ်စားပြုပြီး အင်္ဂလန် ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၈ အစရှိတဲ့အသင်းတွေအတွက် ကစားပေးနေပေမယ့် တိုင်လာဖလက်ချာကတော့ သူ့ဖခင်ခြေရာနင်းပြီး စကော့တလန်လူငယ်အသင်းတွေအတွက် ကစားပေးနေသူပါ။
နိုင်ငံအသင်းအတွက် ကိုယ်စားပြုတာမတူပေမယ့် ဒီညီအစ်ကိုနှစ်ဦးက ဖခင်ရဲ့ကစားသမားဘ၀ဖြတ်သန်းရာ မန်ယူနိုက်တက်လူငယ်အသင်းမှာ အသင်းဖော်တွေအဖြစ် အတူကစားနေကြပြီး မနေ့က ဝက်စ်ဘရွန်းနဲ့ပွဲမှာတော့ ထူးထူးခြားခြား ညီအစ်ကိုနှစ်ဦး တစ်ဦးကဖန်တီး၊ တစ်ဦးက ဂိုးသွင်းတာကို တစ်ဂိုးတည်းသာမက (၂)ဂိုးပြုလုပ်နိုင်ခဲ့တာပါ။

မန်ယူနိုက်တက်အသင်းရဲ့နည်းပြအဖွဲ့ထဲမှာ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ်ပါဝင်နေတဲ့ ဒါရင်းဖလက်ချာအတွက်တော့ သူ့ရဲ့အမြွာသားနှစ်ဦးမှာ တစ်ဦးက သူမွေးဖွားရာနိုင်ငံကို ကိုယ်စားပြု၊ တစ်ဦးက သူနေထိုင်ကြီးပြင်းရာနိုင်ငံကို ကိုယ်စားပြုနေလို့ ဂုဏ်ယူစရာဖြစ်နေပြီး အချိုပေါ်သကာဆင့်နေတာကတော့ သူ့ရဲ့အသင်းဟောင်းမန်ယူနိုက်တက်လူငယ်အသင်းအတွက် အကျိုးပြုတဲ့ကစားသမားတွေအဖြစ် ခြေစွမ်းပြနေကြလို့ပါပဲ ...
Discussion