ဒေါ့မွန်နဲ့ပွဲမှာ မိမိရဲ့ခိုးပြီးသွင်းယူခဲ့တဲ့ သွင်းဂိုးအတွက် ကူဘာစီကို ရာဖင်ညာ တောင်းပန်

ဘာစီလိုနာအသင်းက ဒေါ့မွန်အသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူခဲ့တဲ့ တောင်ပံကစားသမား ရာဖင်ညာက သူ့ရဲ့ခိုးပြီးသွင်းယူခဲ့တဲ့သွင်းဂိုးအတွက် နောက်ခံလူ ကူဘာစီကို တောင်းပန်ခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန်(၂၅)မိနစ်မှာ ရရှိခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့အဖွင့်ဂိုးမှာ ကူဘာစီရဲ့ကန်သွင်းမှုဟာ ဂိုးဖို့ သေချာသလောက်ရှိတာကို ရာဖင်ညာက ပိုပြီးသေချာအောင် ဂိုးစည်းပေါ်ကဘောလုံးကို အဆုံးသတ်ခဲ့တာပါ။

ဒါပေမယ့် ရာဖင်ညာဟာ ဒီသွင်းဂိုးအတွက် လူကျွံဘောဖြစ်/မဖြစ် VAR ရဲ့စစ်‌ဆေးမှုကို စောင့်ဆိုင်းခဲ့ရပြီး ဂိုးအဖြစ်ခွင့်ပြုတဲ့အတွက် ပျော်ရွှင်ခဲ့ရတာဖြစ်ပါတယ်။ ရာဖင်ညာဟာ ဒီပွဲမှာ သွင်းဂိုးအပြင် ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့တာပါ။ ဘရာဇီးလ်ကြယ်ပွင့် ရာဖင်ညာဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး(၁၂)ဂိုးအထိ သွင်းယူထားပါတယ်။

ရာဖင်ညာက "ကျွန်တော်လူကျွံဘောဖြစ်မလားဆိုပြီး ပထမသွင်းဂိုးအတွက် စိုးရိမ်မိခဲ့ပါတယ်။ ဂိုးပေးခဲ့တဲ့အတွက် ဒါကကောင်းပါတယ်။ ဒီသွင်းဂိုးအတွက် ကူဘာစီကို ကျွန်တော်တောင်းပန်ခဲ့ပါတယ်။ သူကတော့ ဘာမှမဖြစ်ဘူးလို့ပြောကာ ဂိုးဖန်တီးမှုယူခဲ့ပါတယ်"လို့ ပွဲအပြီးသတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာ ဆိုခဲ့တာပါ။

ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်က ဒေါ့မွန်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ပွဲမပြီးသေးတဲ့အတွက် ပထမအကျော့ကစားခဲ့တဲ့ပုံစံအတိုင်း ဒုတိယအကျော့မှာဆက်ပြီးကစားဖို့ ကစားသမားတွေကို သတိပေးခဲ့ပါတယ်။ နည်းပြဟန်ဆီဖလစ်လက်ထက်မှာ ရလဒ်ကောင်းတွေရရှိနေတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့်လာလီဂါပွဲစဉ်အဖြစ် လီဂါနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။