ဒေါ်နယ်ထရမ့်ရဲ့ ပြည်ဝင်ခွင့်ပိတ်ပင်မှု မူဝါဒက အားကစားလောကကို ဘယ်လောက်အထိ ရိုက်ခတ်နိုင်မလဲ

ဒီရက်ပိုင်းထွက်ပေါ်လာတဲ့သတင်းတွေထဲမှာ ထူးခြားပြီး မြန်မာလူမျိုးအများစုကိုပါ တိုက်ရိုက်သက်ဆိုင်စေတဲ့သတင်းက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံ(၁၂)နိုင်ငံ ပြည်ဝင်ခွင့်ပိတ်ပင်မှုသတင်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံပေါင်း(၂၀၀)ကျော်ထဲကမှ နိုင်ငံ(၁၂)နိုင်ငံကို အလုံးစုံပြည်ဝင်ခွင့်ပိတ်ပင်လိုက်ကြောင်း ဒေါ်နယ်ထရမ့်က ဇွန်လ(၄)ရက်နေ့မှာ လက်မှတ်ရေးထိုး ကြေညာလိုက်တာပါ။
ဒီကြေညာချက်ထဲမှာ “အန္တရာယ်ရှိသော နိုင်ငံခြားသားများ၏ဘေးရန်မှ အမေရိကန်နိုင်ငံသားများကို ကာကွယ်ရန် ခရီးသွားလာခွင့်ပိတ်ပင်သည့်အမိန့်"လို့ ရေးသားဖော်ပြထားပါတယ်။

အလုံးစုံပြည်ဝင်ခွင့်ပိတ်ပင်ခံရတဲ့နိုင်ငံ(၁၂)နိုင်ငံက အာဖဂန်နစ္စတန်၊ မြန်မာ၊ ချက်ဒ်၊ ကွန်ဂို၊ အီကွေတိုရီယယ်ဂီနီ၊ အီရီထရီယာ၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတို့ဖြစ်ပြီး အခြားနိုင်ငံ(၇)နိုင်ငံဖြစ်တဲ့ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရားလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလားတို့ကိုတော့ ပြည်ဝင်ခွင့်တစ်စိတ်တစ်ပိုင်း ကန့်သတ်မယ်လို့ ကြေညာခဲ့ပါတယ်။
အလုံးစုံပြည်ဝင်ခွင့်ပိတ်ပင်ခံရတဲ့နိုင်ငံတွေက နိုင်ငံသားတွေအတွက် ဘယ်လောက်အထိ ရိုက်ခတ်မှုရှိသလဲဆိုတာကတော့ US အိပ်မက်ကြီးကြီးမက်သူတွေ၊ ကွဲကွာနေတဲ့မိသားစုတွေ ပြန်လည်ဆုံဆည်းဖို့ မျှော်လင့်နေသူတွေအတွက် ဒီကြေညာချက်က အိပ်မက်ဆိုးဖြစ်သလို၊ Electronic Diversity Visa ရပြီးမှ (DV ပေါက်ပြီးမှ) ဗီဇာအင်တာဗျူးရက်စောင့်နေသူတွေအတွက်လည်း ထီပေါက်ပြီး ထီလက်မှတ်ပျောက်သလို ရူးသွပ်စရာလို့ ဆိုရမှာပါပဲ။

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက အမေရိကန်နိုင်ငံအနေနဲ့ လာမယ့်နှစ်ပိုင်းအတွင်းမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၂၈ နွေရာသီအိုလံပစ်ပြိုင်ပွဲအစရှိတဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေကို အိမ်ရှင်/ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေတာကြောင့် ပြည်ဝင်ခွင့်ပိတ်ခံရတဲ့နိုင်ငံတွေက အားကစားသမားတွေ၊ မီဒီယာတွေ၊ ပွဲကြည့်ပရိသတ်တွေ လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ... အမေရိကန်နိုင်ငံသားတွေအတွက် ကာကွယ်တယ်ဆိုပေမယ့် ပိတ်ပင်ခံရတဲ့နိုင်ငံတွေက နိုင်ငံသားတွေအတွက် ရက်စက်လွန်းတယ်လို့ထင်ရတဲ့ ဒီမူဝါဒသစ်က ဒီပြိုင်ပွဲတွေအပေါ်ဘယ်လောက်ရိုက်ခတ်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရော၊ ၂၀၂၈ နွေရာသီအိုလံပစ်ပြိုင်ပွဲပါ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်းအတွင်းကျင်းပမှာ ဖြစ်တာကြောင့် ဒီမူဝါဒသစ်တည်မြဲနေတဲ့အချိန်ကာလအတွင်း ဒီပြိုင်ပွဲတွေကျင်းပရမှာတော့ သေချာနေပါတယ်။

လောလောလတ်လတ်ကို အမေရိကန်မှာကျင်းပတော့မယ့် နိုင်ငံတကာဘောလုံးပြိုင်ပွဲ(၂)ခုရှိနေပြီး ဒီလ(၁၄)ရက်နေ့မှာ စတင်ကျင်းပမယ့် 2025 CONCACAF Gold Cup(ကွန်ကာကပ်ဖ်ရွှေဖလား)ပြိုင်ပွဲနဲ့ ဒီလ(၁၅)ရက်နေ့မှာ စတင်ကျင်းပမယ့် 2025 FIFA Club World Cup (ဖီဖာကလပ်ကမ္ဘာ့ဖလား)ပြိုင်ပွဲတို့ပါ။
အမေရိကန်နဲ့ ကနေဒါက ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမယ့် 2025 CONCACAF Gold Cup မှာ အမေရိကန်ရဲ့အလုံးစုံပြည်ဝင်ခွင့်ပိတ်ပင်ခံထားရတဲ့ ဟေတီနိုင်ငံ ပါဝင်နေပါတယ်။ ဒီလိုပဲ 2025 FIFA Club World Cup ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မယ့်ကလပ်အသင်းတွေထဲမှာ အလုံးစုံပြည်ဝင်ခွင့်ပိတ်ပင်ခံရတဲ့နိုင်ငံတွေက ကစားသမား(၁၀)ဦးအထိပါဝင်နေပါတယ်။

ဒီပြည်ဝင်ခွင့်ပိတ်ပင်တဲ့မူဝါဒက ဇွန်လ(၉)ရက်နေ့မှာစတင်မှာဖြစ်တာကြောင့် ဒီပြိုင်ပွဲတွေ မစတင်မီ ဒီပြည်ဝင်ခွင့်ကန့်သတ်ချက်က စတင်အသက်ဝင်မှာဖြစ်ပြီး အမေရိကန်အစိုးရအနေနဲ့ ဒီပြိုင်ပွဲ(၂)ခုမှာ ပြည်ဝင်ခွင့်ပိတ်ပင်ဖို့အမိန့်ထုတ်ခံထားရတဲ့နိုင်ငံတွေက နိုင်ငံသားတွေကို ဘယ်လောက်အထိပိတ်ပင်မလဲ၊ ခွင့်ပြုမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သေချာတာကတော့ ပြိုင်ပွဲဝင်အားကစားသမားတွေ/နည်းပြတွေနဲ့ အသင်းတာဝန်ရှိသူတွေက exemption(ခြွင်းချက်)ပေးပြီး ပြည်ဝင်ခွင့်ရနိုင်ပေမယ့် မီဒီယာတွေ၊ ပွဲကြည့်ပရိသတ်တွေကို ဘယ်လောက်အထိ ခွင့်ပြုချက်ပေးမလဲဆိုတာ စိတ်ဝင်စားစရာပါ။
ဒေါ်နယ်ထရမ့်အစိုးရဟာ အရင်ကလည်း အားကစားသမားတွေကိုတောင် ပြင်းထန်တဲ့စည်းမျဉ်းတွေနဲ့ ဗီဇာမပေးဘဲ ပြည်ဝင်ခွင့်ငြင်းဆန်ပယ်ချခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ၂၀၁၇ တုန်းက Dallas Cup ပြိုင်ပွဲဝင်ပြိုင်မယ့် တိဘက်အမျိုးသမီးဘောလုံးအသင်းတစ်သင်းလုံးကို ဗီဇာမပေးဘဲ ပယ်ချခဲ့ဖူးသလို၊ ၂၀၁၉ ယူ-၁၅ Concacaf Championship ပြိုင်ပွဲလာပြိုင်တဲ့ ဂွါတီမာလာအသင်းက ကစားသမား(၉)ဦးကိုလည်း ပြည်ဝင်ခွင့်ငြင်းဆန်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၉ Gold Cup ပြိုင်ပွဲတုန်းကလည်း ကျူးဘားအသင်းခေါင်းဆောင် ဆန်တာခရုဇ်ကို ပြည်ဝင်ခွင့်ပိတ်ဖူးပါတယ်။
ဒါကြောင့် နိုင်ငံတကာမီဒီယာတွေရဲ့သုံးသပ်ချက်အရတော့ ဒီလအတွင်း စတင်ကျင်းပမယ့် ပြိုင်ပွဲ(၂)ခုမှာရော၊ လာမယ့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၂၈ နွေရာသီအိုလံပစ်ပြိုင်ပွဲတွေမှာပါ ပြည်ဝင်ခွင့်ပိတ်ပင်ခံရတဲ့နိုင်ငံတွေက ပြိုင်ပွဲဝင်အသင်းတွေသာ ပြည်ဝင်ခွင့်ရမှာဖြစ်ပြီး ပရိသတ်တွေကိုတော့ ပြည်ဝင်ခွင့်မပေးဖို့ သေချာတယ်လို့ဆိုပါတယ်။

ဥပမာအားဖြင့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းသာ ခြေစစ်ပွဲအောင်ခဲ့ရင် အီရန်ပရိသတ်တွေက ပြည်ဝင်ခွင့်မရဖို့ သေချာနေပြီး ဟေတီ၊ ဆူဒန်၊ ဗင်နီဇွဲလားနိုင်ငံတွေလည်း ခြေစစ်ပွဲအောင်ခဲ့ရင် သူတို့ပရိသတ်တွေအနေနဲ့ နေအိမ်တွေကပဲ သူတို့အသင်းကို အားပေးရဖို့ သေချာတယ်လို့ဆိုပါတယ်။
ဒါဆိုရင် ပြိုင်ပွဲဝင်အသင်း(၂)သင်းမှာ တစ်သင်းက ပွဲကြည့်စင်ပေါ်မှာ ပရိသတ်တွေမြိုင်မြိုင်ဆိုင်ဆိုင်အားပေးနေပြီး တစ်သင်းက ပရိသတ်မရှိ (အမေရိကန်ပြည်တွင်းနေပရိသတ်တချို့ကလွဲလို့) အားငယ်စွာယှဉ်ပြိုင်ရတဲ့ ဘက်မညီတဲ့ပွဲတွေကို တွေ့မြင်ရဦးမှာပါ။

ဒီလိုပဲ ပြည်ဝင်ခွင့်ပိတ်ပင်ခံရတဲ့နိုင်ငံတွေက မီဒီယာတွေကိုရော သတင်းယူခွင့်ပိတ်မှာလား။ ကမ္ဘာ့ဒီမိုကရေစီဘိုးအေနိုင်ငံကြီးလို့ဆိုထားတဲ့ အမေရိကန်နိုင်ငံအနေနဲ့ လွတ်လပ်စွာသတင်းယူခွင့်အပေါ် တားဆီးပိတ်ပင်မှုတွေရှိလာမှာလား။ ပြည်ဝင်ခွင့်ပိတ်ခံရတဲ့နိုင်ငံ(၁၂)နိုင်ငံက မီဒီယာတွေကို Media Accreditation တွေ ထုတ်ပေးပါ့မလား စဉ်းစားစရာပါပဲ။
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက မြန်မာနိုင်ငံက မီဒီယာသမားတစ်ဦး Media Accreditation ရယူပြီး ဖီဖာက တရားဝင်ခွင့်ပြုတဲ့ဂျာနယ်လစ်တစ်ဦးအဖြစ် သတင်းရယူခဲ့ဖူးပါတယ်။ အခုရော ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြန်မာနိုင်ငံအပါအဝင် ပြည်ဝင်ခွင့်ပိတ်ခံရတဲ့နိုင်ငံတွေက မီဒီယာသမားတွေ တရားဝင်သတင်းယူခွင့်ရပါ့မလား တွေးတောစရာအများကြီးပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်နယ်ထရမ့်ရဲ့ သူ့နိုင်ငံသားတွေကို ကာကွယ်တယ်ဆိုတဲ့ ပြည်ဝင်ခွင့်ပိတ်ပင်မှုမူဝါဒက အားကစားလောကကိုပါ ကြီးကြီးမားမား လာရိုက်ခတ်ပြီး Balance မညီမှုတွေ၊ မမျှတမှုတွေဖြစ်ပေါ်စေမှာကတော့ မလွဲဧကန်ပါပဲ။