ဒီဘရိုင်းနားကို ယူရို(၁၂)သန်းနဲ့ (၂)နှစ်စာချုပ်ကမ်းလှမ်းဖို့ နာပိုလီအသင်းပြင်ဆင်
နာပိုလီအသင်းဟာ ဒီရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားကို အသင်းထံ ခေါ်ယူနိုင်ဖို့အတွက် ယူရို(၁၂)သန်းနဲ့ (၂)နှစ်စာချုပ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဒီဘရိုင်းနားကို ခေါ်ယူဖို့အတွက် ဥရောပထိပ်တန်းကလပ်အသင်းတွေအပြင် ဆော်ဒီကလပ်တွေကလည်း စိတ်ဝင်စားနေတာပါ။
ဒီအသင်းတွေထဲမှာ နာပိုလီအသင်းဟာ ဒီဘရိုင်းနားကိုခေါ်ယူနိုင်ဖို့ အလားအလာအရှိဆုံးအသင်းအဖြစ် ဖော်ပြခံနေရတာဖြစ်ပါတယ်။ La Gazzetta dello Sport က နာပိုလီအသင်းဟာ ဒီဘရိုင်းနားကို တစ်နှစ်လုပ်ခယူရို(၆)သန်းနဲ့ (၂)နှစ်စာချုပ်ကမ်းလှမ်းသွားမယ်လို့ ဖော်ပြထားတာပါ။ ဒီကမ်းလှမ်းမှုဟာ မန်စီးတီးအသင်းမှာ တစ်ရာသီကို ပေါင်သန်း(၂၀)ဝန်းကျင်ရရှိနေတဲ့ ဒီဘရိုင်းနားအတွက် ဝင်ငွေအများအပြားလျော့သွားနိုင်တာဖြစ်ပါတယ်။
ဒါပေမယ့် နာပိုလီအသင်းဟာ ဒီဘရိုင်းနားကို (၂)နှစ်စာချုပ်အပြင် နောက်ထပ်တစ်ရာသီသက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ပါ ကမ်းလှမ်းလာနိုင်တာပါ။ နာပိုလီအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ချိန်မှာ ဒီဘရိုင်းနားရဲ့ဇနီးသည်ဟာ နာပိုလီမှာ နေအိမ်လိုက်လံရှာဖွေနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ နာပိုလီအသင်းဟာ ဒီရာသီစီးရီးအေပွဲစဉ်ကစားဖို့ (၂)ပွဲသာကျန်ရှိတော့ချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာရပ်တည်နေပြီး အဆင့်(၂)နေရာက အင်တာမီလန်အသင်းကို ရမှတ်(၁)မှတ်ဖြတ်ထားတာပါ။
လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတဲ့ နာပိုလီအသင်းဟာ ဒီဘရိုင်းနားအပြင် လီဗာပူးလ်အသင်းမှာ ပွဲကစားခွင့်ရဖို့ရုန်းကန်နေရတဲ့ အီတလီတောင်ပံကစားသမား ချီယေဆာကို ခေါ်ယူနိုင်ဖို့လည်း ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ နာပိုလီအသင်းဟာ လာမယ့်စီးရီးအေပွဲစဉ်အဖြစ် ပါးမားအသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။