ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ
ခရစ္စတယ်ပဲလေ့စ် - မန်စီးတီး
(FA ဖလားဗိုလ်လုပွဲ)
(17 May 2025/ 10:00 pm)
ပရီးမီးယားလိဂ်ပထမအကျော့တွေ့ဆုံမှုမှာ ဒီနှစ်သင်း(၂-၂)ဂိုးနဲ့ သရေကျခဲ့ကြပြီး ဒုတိယအကျော့မန်စီးတီးကွင်းတွေ့ဆုံမှုမှာ မန်စီးတီးက (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ထူးခြားတာကတော့ (၂)ကျော့စလုံး မန်စီးတီးအသင်းက နောက်ကလိုက်ကစားခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်အသင်းက ဦးဆောင်ဂိုးတွေ သွင်းခဲ့တာဖြစ်တယ်။
သမိုင်းတစ်လျှောက်တွေ့ဆုံမှုတွေမှာတော့ အသင်းကြီးမန်စီးတီးက ခရစ္စတယ်ပဲလေ့စ်အသင်းကို သိသိသာသာအသာရခဲ့ပါတယ်။ နှစ်သင်းတွေ့ဆုံမှု (၇၃)ကြိမ်မှာ မန်စီးတီးက (၃၉)ပွဲအထိနိုင်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းက (၁၇)ပွဲပဲ နိုင်ခဲ့တယ်။
လက်ရှိမှာတော့ နှစ်သင်းစလုံးက လတ်တလောရလဒ်တွေကောင်းပြီး ဗိုလ်လုပွဲမတိုင်မီ ခြေစွမ်းတက်ရိပ်ပြနေတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက နောက်ဆုံး(၅)ပွဲဆက်တိုက်ရှုံးပွဲမရှိဘဲ ဘုန်းမောက်၊ အာဆင်နယ်၊ နော်တင်ဂမ်ဖောရက်စ်တို့လို အသင်းကောင်းတွေကို သရေ၊ ဗီလာကို FA ဖလားဆီမီးဖိုင်နယ်မှာ (၃-၀)ဂိုး၊ စပါးကို ပရီးမီးယားလိဂ်မှာ (၂-၀)ဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲတွေ ရယူခဲ့တယ်။ အသင်းကြီးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရပေမယ့် ခရစ္စတယ်ပဲလေ့စ်က မရှုံးအောင် ကစားထားနိုင်တာကိုတွေ့ရတယ်။
မန်စီးတီးအသင်းကလည်း နော်တင်ဂမ်ဖောရက်စ်အသင်းကိုရှုံးပြီးနောက်ပိုင်း ပြိုင်ပွဲစုံမှာ (၁၀)ပွဲဆက်တိုက်မရှုံးအောင် ကစားထားတယ်။ ဗီလာ၊ ဖောရက်စ်၊ ၀ုလ်ဗ်စ်အစရှိတဲ့အသင်းတွေကို ဆက်တိုက်အနိုင်ကစားခဲ့ပြီး နောက်ဆုံးပွဲမှာတော့ ဆောက်သမ်တန်နဲ့ သရေကျခဲ့တယ်။
ခရစ္စတယ်ပဲလေ့စ်မှာ နောက်ခံလူချာဒီရီယက်နဲ့ ကွင်းလယ်လူဒူကူရေးလောက်ပဲ ဒဏ်ရာရနေပြီး စပါးနဲ့ပွဲလွဲခဲ့တဲ့ဝေါလ်တန်က ပြန်ကစားနိုင်ဖို့များတယ်။ မန်စီးတီးမှာလည်း ဒဏ်ရာရသူသိပ်မရှိဘဲ အကီ၊ စတုန်း၊ ဘော့ဘ် အစရှိတဲ့ကစားသမားတွေလောက်ပဲရှိမယ်။
ဒီပွဲမှာ ရိုဒရီ အရန်ကစားသမားအဖြစ်ပြန်ပါလာနိုင်ပြီး မန်စီးတီးရော၊ ခရစ္စတယ်ပဲလေ့စ်ပါ ယေဘုယျအားဖြင့် လူစုံတယ်လို့ ပြောလို့ရတယ်။ ပထမအကျော့မှာ မန်စီးတီးကို သရေကျအောင် ကစားခဲ့ပြီး လတ်တလောမှာအသင်းကြီးတွေကို ရလဒ်ကောင်းရအောင် ခံကစားနိုင်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို မန်စီးတီး လွယ်လွယ်ကူကူအနိုင်ရမှာတော့ မဟုတ်ဘူး။
မန်စီးတီးအနိုင်ရဖို့ အခွင့်အလမ်းများပေမယ့် ပွဲပြီးခါနီးအထိ ခက်ခက်ခဲခဲကစားရမယ့်ပွဲလို့ မြင်မိတယ်။ မန်စီးတီးအနိုင်(၂-၁)လို ရလဒ်မျိုးကိုပဲ အကြိုက်တွေ့မိတယ်။