ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

အာဆင်နယ် - နယူးကာဆယ်
(ပရီးမီးယားလိဂ်)
(18 May 2025/ 10:00 pm)
နယူးကာဆယ်က အာဆင်နယ်အသင်းရဲ့ဒုတိယနေရာကို အဓိက ခြိမ်းခြောက်တဲ့အသင်းဖြစ်လာပြီး ဒီပွဲသာ နယူးကာဆယ်အနိုင်ရရင် အာဆင်နယ်က တတိယနေရာကို ဆင်းပေးရမှာဖြစ်တယ်။ လက်ရှိမှာ အာဆင်နယ်က ရမှတ်(၆၈)မှတ်၊ နယူးကာဆယ်က ရမှတ်(၆၆)မှတ်ရရှိနေကြတယ်။
အာဆင်နယ်က ရာသီကုန်ခါနီးမှာ အဆိုးရွားဆုံးနိုင်ပွဲပျောက်ဆုံးမှုကို ကြုံတွေ့နေရပြီး နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲမရှိဖြစ်နေတယ်။ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးနောက် အာဆင်နယ်အနေနဲ့ ဘာဖလားမှမရတဲ့အတူတူ ပရီးမီးယားလိဂ်ဒုတိယနေရာကို ဆုပ်ကိုင်ထားနိုင်ဖို့သာ ကြိုးစားရမှာပါ။
နယူးကာဆယ်က လိဂ်ဖလားဗိုလ်လုပွဲမှာ လီဗာပူးလ်ကို အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ရလဒ်တွေမဆိုးဘူးလို့ ပြောလို့ရတယ်။ ဗိုလ်လုပွဲအပြီး နောက်ဆုံးပရီးမီးယားလိဂ်(၈)ပွဲမှာ (၆)ပွဲအနိုင်ကစားခဲ့တယ်။ နောက်ဆုံးပွဲမှာလည်း လန်ဒန်ကလပ်ချယ်လ်ဆီးကို (၂-၀)ဂိုးနဲ့အနိုင်ရခဲ့တယ်။အာဆင်နယ်(၂-၂)ဂိုးနဲ့ သရေကျခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို နယူးကာဆယ်က (၅-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တယ်။
အာဆင်နယ်အသင်းနောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း(၂၀)ပွဲမှာ တစ်ပွဲပဲ ရှုံးခဲ့ပြီး ဒီပွဲက နယူးကာဆယ်ကို ရှုံးခဲ့တာဖြစ်တယ်။ ဒါကြောင့် နယူးကာဆယ်အနေနဲ့ ၁၉၉၅ ခုနှစ်နောက်ပိုင်း အာဆင်နယ်ကို ပထမဆုံးအနေနဲ့ (၂)ကျော့စလုံးအနိုင်ရဖို့ မျှော်လင့်ချက်ရှိနေတယ်။
ဒီနောက်ပိုင်း အာဆင်နယ်အသင်းနဲ့တွေ့တဲ့ပွဲတွေမှာ နယူးကာဆယ်အနေနဲ့ ရလဒ်ကောင်းတွေရပြီး နောက်ဆုံး(၈)ပွဲမှာ (၅)ပွဲအထိအနိုင်ရခဲ့တာကိုလည်းတွေ့ရတယ်။ ဒီရာသီမှာ နယူးကာဆယ်က အရင်ကထက် ပိုအားကောင်းနေပြီး ခြေစွမ်းပြနေတဲ့ အစ်ဆက်ခ်၊ မာဖီ၊ ဂွီမာရေ့စ်၊ ဂေါ်ဒွန်၊ ဘန်းစ်အစရှိတဲ့ကစားသမားတွေက အာဆင်နယ်ကို ဒုက္ခပေးဦးမယ်လို့ ထင်နေတယ်။
မယ်ရီနိုပွဲပယ်၊ ဒက်ကလန်ရိုက်စ်၊ ထရော့ဆာ့ဒ်၊ တင်ဘာတို့ ဒဏ်ရာကြောင့် ပါဖို့ မသေချာတဲ့အာဆင်နယ်အနေနဲ့ နယူးကာဆယ်ကို နိုင်ဖို့ သိပ်တော့မလွယ်ဘူး။ နယူးကာဆယ်အနိမ့်ဆုံး သရေရလဒ်ရယူနိုင်မယ့်ပွဲဖြစ်လိမ့်မယ်။ (၁-၁)(၂-၂)လို ရလဒ်တွေကိုပဲ ကြိုက်မိတယ်။
အင်တာမီလန် - လာဇီယို
(စီးရီးအေ)
(19 May 2025/ 1:15 am)
အင်တာမီလန်က လက်ကျန်ပွဲ(၂)ပွဲအလိုမှာ နာပိုလီနဲ့ ရမှတ်(၁)မှတ်ကွာနေပြီး မိမိကလည်း အမှားမခံတော့သလို နာပိုလီခြေချော်တာကို စောင့်နေရတဲ့အနေအထားဖြစ်နေတယ်။ ဒီအချိန်မှာ အဆင့်(၅)နေရာက လာဇီယိုနဲ့ကစားရမှာဖြစ်တယ်။ လာဇီယိုကလည်း အဆင့်(၄)က ဂျူဗင်တပ်စ်နဲ့ ရမှတ်တူနေတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံး(၂)ပွဲမှာ ရမှတ်အပြည့်ယူရမယ့် အနေအထားဖြစ်တယ်။
ဘိုလော့နာ၊ အေစီမီလန်(ကိုပါအီတာလီယာ)၊ ရိုးမားအသင်းတို့ကို မမျှော်လင့်ဘဲ ဆက်တိုက်ရှုံးခဲ့ပြီးနောက် နောက်ပွဲတွေမှာ အင်တာမီလန်အာရုံစိုက်ပြန်ကစားလာတာတွေ့ရတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကလည်း (၁၂/၁၃)ရက်လောက်လိုသေးတော့ အင်တာမီလန်အနေနဲ့ ဒီအချိန်မှာ စီးရီးအေကို နည်းနည်းအာရုံပြန်ထားလို့ ရတဲ့အနေအထားမှာတော့ရှိတယ်။
လာဇီယိုက အင်တာမီလန်ကို ဒီနောက်ပိုင်းတွေ့ဆုံမှုတွေမှာ သိပ်မယှဉ်နိုင်ဘဲ နောက်ဆုံးဒီနှစ်သင်းတွေ့ဆုံမှု(၅)ကြိမ်မှာ လာဇီယိုက (၄)ပွဲအထိရှုံးခဲ့တယ်။ ဒီနှစ်သင်းနောက်ဆုံးတွေ့ခဲ့တဲ့ ဒီရာသီပထမအကျော့ပွဲမှာလည်း အင်တာမီလန်က လာဇီယိုကို ရောမမြေမှာ ဂိုးဒါဇင်ဝက်သွင်းပြီး (၆-၀)ဂိုးနဲ့ အနိုင်ယူခဲ့တယ်။
ဒီပွဲမှာ အင်တာမီလန်အသင်းရဲ့နာမည်ကြီးတိုက်စစ်မှူးလော်တာရိုမာတီနက်ဇ် ဒဏ်ရာကြောင့် မပါနိုင်ဖို့ သေချာသလောက်ရှိပြီး သူရမ်၊ တာရီမီတို့က တိုက်စစ်ကိုဦးဆောင်မှာဖြစ်တယ်။ လာဇီယိုမှာတော့ ပယ်လီဂရီနီ၊ ဇက်ကာညီအစရှိတဲ့ကစားသမားတွေ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲလွဲမှာဖြစ်ပြီး စပိန်နောက်ခံလူ ပတ်ထရစ်က ဒဏ်ရာကြောင့် နားနေရတယ်။
နှစ်သင်းစလုံး ရည်မှန်းချက်ကိုယ်စီနဲ့ကစားမှာဖြစ်ပေမယ့် အင်တာမီလန်က လာဇီယိုထက် အစစအရာရာသာတာငြင်းမရသလို သူတို့အတွက် ပိုအရေးကြီးတဲ့အချိန်ဆိုတာလည်း ငြင်းမရပါဘူး။ ပထမအကျော့တုန်းကလို ဂိုးမပြတ်ရင်တောင် အင်တာမီလန်(၂-၀)(၃-၁)လို (၂)ဂိုးပြတ်ရလဒ်လောက်တော့ သွင်းယူနိုင်လိမ့်မယ်လို့ ထင်နေမိတယ်။