ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

UEFA Nations League Semi-Final
စပိန် - ပြင်သစ်
(6 June 2025/ 1:30 am)
၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယပွဲအဖြစ် စပိန်အသင်းနဲ့ ပြင်သစ်အသင်းတို့ ဒီညကစားကြမှာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့နောက်ဆုံးချန်ပီယံအသင်း(၂)သင်း ထိပ်တိုက်တွေ့နေကြတာလည်းဖြစ်တယ်။ အနိုင်ရတဲ့အသင်းက ဒီပြိုင်ပွဲမှာ ပထမဆုံးချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ဗိုလ်လုပွဲကစားရမယ်။
စပိန်နဲ့ ပြင်သစ် လတ်တလောခြေစွမ်းအပြင် နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်ရင်လည်း စပိန်က သိသိသာသာအသာရထားတာကိုတွေ့ရလိမ့်မယ်။ ဒီနှစ်သင်း သမိုင်းတစ်လျှောက်(၃၇)ပွဲကစားခဲ့ရာမှာ စပိန်က(၁၇)ပွဲနိုင်ပြီး ပြင်သစ်က (၁၃)ပွဲနိုင်ခဲ့တယ်။
ဒီနှစ်သင်းနောက်ဆုံးတွေ့ခဲ့တာက ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်မှာဖြစ်ပြီး စပိန်က ယာမားလ်၊ အော်လ်မိုတို့ရဲ့ဂိုးတွေနဲ့အတူ (၂-၁)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်သွားခဲ့တယ်။ စပိန်က ၂၀၂၄ မတ်လအတွင်းက ခြေစမ်းပွဲမှာ ကိုလံဘီယာအသင်းကို (၀-၁)ဂိုးနဲ့ ရှုံးပြီးနောက်ပိုင်း နိုင်ငံတကာပွဲတွေမှာ ရှုံးပွဲလုံး၀မတွေ့အောင် ကစားထားနိုင်တာကိုတွေ့ရတယ်။ နောက်ဆုံး(၂)ပွဲမှာ နယ်သာလန်နဲ့ သရေကျခဲ့ပေမယ့် ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်လာနိုင်ခဲ့တယ်။
ပြင်သစ်ကတော့ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ယူရို-၂၀၂၄ မှာ စပိန်ကိုရှုံး၊ UEFA Nations League အုပ်စုအဆင့်မှာ အီတလီကိုရှုံးခဲ့သလို ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်(ပထမအကျော့)မှာလည်း ခရိုအေးရှားကို (၀-၂)ဂိုးနဲ့ ရှုံးခဲ့တယ်။ လက်ရှိပြင်သစ်အသင်းမှာ ပြဿနာတစ်ခုက အားထားရတဲ့ကစားသမားအတော်များများ(၇ ဦးအထိ)က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားခဲ့တဲ့သူတွေဖြစ်နေတယ်။
ဖော်မြူလာအရ ဒီကစားသမားတွေထဲက အများစုကို နည်းပြဒေးရွှမ့်အနေနဲ့ အရန်ခုံမှာထားရမယ့်သဘောဖြစ်နေတဲ့အပြင် ဆာလီဘာ၊ ခွန်ဒဲ အစရှိတဲ့ကစားသမားတွေကလည်း တံကောက်ကြောဒဏ်ရာတွေရနေကြတော့ လူရွေးချယ်မှုမှာ ဒေးရွှမ့်အတွက်အတော်ကို ဦးနှောက်စားစရာဖြစ်လိမ့်မယ်။
ကစားသမားကောင်းတွေကို ပိုင်ဆိုင်မှုမှာတော့ ဒီနှစ်သင်းက ဥရောပမှာ ထိပ်ဆုံးအဆင့်လို့ ပြောလို့ရတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာတော့ နည်းပြဒေးရွှမ့်ရဲ့ပြင်သစ်အသင်းထက်စာရင် ဒီလာဖွန်တေးရဲ့စပိန်အသင်းက ပိုတည်ငြိမ်ပြီး စိတ်ချရမယ့်အလားအလာမှာရှိတယ်။ ဒါကြောင့် ဒီပွဲစပိန်ကို ရွေးချယ်ချင်တယ်။ စပိန်အနိုင်(၂-၁)(၃-၂)လို ရလဒ်တွေကို ကြိုက်မိတယ်။