ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

UEFA Nations League Semi-Final

စပိန် - ပြင်သစ်
(6 June 2025/ 1:30 am)

၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယပွဲအဖြစ် စပိန်အသင်းနဲ့ ပြင်သစ်အသင်းတို့ ဒီညကစားကြမှာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့နောက်ဆုံးချန်ပီယံအသင်း(၂)သင်း ထိပ်တိုက်တွေ့နေကြတာလည်းဖြစ်တယ်။ အနိုင်ရတဲ့အသင်းက ဒီပြိုင်ပွဲမှာ ပထမဆုံးချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ဗိုလ်လုပွဲကစားရမယ်။

စပိန်နဲ့ ပြင်သစ် လတ်တလောခြေစွမ်းအပြင် နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်ရင်လည်း စပိန်က သိသိသာသာအသာရထားတာကိုတ​ွေ့ရလိမ့်မယ်။ ဒီနှစ်သင်း သမိုင်းတစ်လျှောက်(၃၇)ပွဲကစားခဲ့ရာမှာ စပိန်က(၁၇)ပွဲနိုင်ပြီး ပြင်သစ်က (၁၃)ပွဲနိုင်ခဲ့တယ်။

ဒီနှစ်သင်းနောက်ဆုံးတွေ့ခဲ့တာက ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်မှာဖြစ်ပြီး စပိန်က ယာမားလ်၊ အော်လ်မိုတို့ရဲ့ဂိုးတွေနဲ့အတူ (၂-၁)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်သွားခဲ့တယ်။ စပိန်က ၂၀၂၄ မတ်လအတွင်းက ခြေစမ်းပွဲမှာ ကိုလံဘီယာအသင်းကို (၀-၁)ဂိုးနဲ့ ရှုံးပြီးနောက်ပိုင်း နိုင်ငံတကာပွဲတွေမှာ ရှုံးပွဲလုံး၀မတွေ့အောင် ကစားထားနိုင်တာကိုတွေ့ရတယ်။ နောက်ဆုံး(၂)ပွဲမှာ နယ်သာလန်နဲ့ သရေကျခဲ့ပေမယ့် ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်လာနိုင်ခဲ့တယ်။

ပြင်သစ်ကတော့ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ယူရို-၂၀၂၄ မှာ စပိန်ကိုရှုံး၊ UEFA Nations League အုပ်စုအဆင့်မှာ အီတလီကိုရှုံးခဲ့သလို ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်(ပထမအကျော့)မှာလည်း ခရိုအေးရှားကို (၀-၂)ဂိုးနဲ့ ရှုံးခဲ့တယ်။ လက်ရှိပြင်သစ်အသင်းမှာ ပြဿနာတစ်ခုက အားထားရတဲ့ကစားသမားအတော်များများ(၇ ဦးအထိ)က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားခဲ့တဲ့သူတွေဖြစ်နေတယ်။

ဖော်မြူလာအရ ဒီကစားသမားတွေထဲက အများစုကို နည်းပြဒေးရွှမ့်အနေနဲ့ အရန်ခုံမှာထားရမယ့်သဘောဖြစ်နေတဲ့အပြင် ဆာလီဘာ၊ ခွန်ဒဲ အစရှိတဲ့ကစားသမားတွေကလည်း တံကောက်ကြောဒဏ်ရာတွေရနေကြတော့ လူရွေးချယ်မှုမှာ ဒေးရွှမ့်အတွက်အတော်ကို ဦးနှောက်စားစရာဖြစ်လိမ့်မယ်။

ကစားသမားကောင်းတွေကို ပိုင်ဆိုင်မှုမှာတော့ ဒီနှစ်သင်းက ဥရောပမှာ ထိပ်ဆုံးအဆင့်လို့ ပြောလို့ရတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာတော့ ​နည်းပြဒေးရွှမ့်ရဲ့ပြင်သစ်အသင်းထက်စာရင် ဒီလာဖွန်တေးရဲ့စပိန်အသင်းက ပိုတည်ငြိမ်ပြီး စိတ်ချရမယ့်အလားအလာမှာရှိတယ်။ ဒါကြောင့် ဒီပွဲစပိန်ကို ရွေးချယ်ချင်တယ်။ စပိန်အနိုင်(၂-၁)(၃-၂)လို ရလဒ်တွေကို ကြိုက်မိတယ်။