ဖူလ်ဟမ် - လီဗာပူးလ်
(ပရီးမီးယားလိဂ်)
(6 April 2025/ 7:30 pm)

ဖူလ်ဟမ်က ရမှတ်(၄၅)မှတ်နဲ့ အဆင့်(၁၀)မှာ၊ လီဗာပူးလ်က ရမှတ်(၇၃)မှတ်နဲ့ ဇယားထိပ်မှာ အသီးသီးရပ်တည်နေကြတယ်။

မနေ့က အာဆင်နယ်ရမှတ်လျော့သွားတာကြောင့် လီဗာပူးလ်က လက်ကျန်ပွဲတွေမှာ အမှားပိုခံနိုင်သွားပါတယ်။ ဒါပေမယ့် ဘာပြိုင်ပွဲမှ မရှိတော့ဘဲ ပရီးမီးယားလိဂ်တစ်ခုတည်းကိုပဲ ကစားရတော့မယ့် လီဗာပူးလ်အနေနဲ့ လက်ကျန်ပွဲတွေမှာ ရမှတ်ရနိုင်သလောက်ယူမယ်လို့ပဲ သုံးသပ်မိတယ်။

ဖူလ်ဟမ်ကလည်း ဥရောပဝင်ခွင့်အတွက် လက်ကျန်ပွဲတွေမှာ ဆက်ကြိုးစားရဦးမယ်။ ဖူလ်ဟမ်က အိမ်ကွင်းသိပ်မာတဲ့အသင်းမဟုတ်ဘဲ ကရာဗန်ကော့တေ့ချ်မှာ နိုင်လိုက်/ရှုံးလိုက်/သရေကျလိုက်ဖြစ်နေတယ်။ အိမ်ကွင်းမှာ (၂)ပွဲဆက်တိုက်မနိုင်တာ တစ်နှစ်ကျော်သွားပြီဖြစ်တယ်။

ဖူလ်ဟမ်မှာ ဒဏ်ရာရသူများများစားစားမရှိဘဲ ရီးစ်နယ်လ်ဆင်၊ ကန်နီတီတီ၊ ဝီလ်ဆင်အစရှိသူတို့လောက်ပဲ အနားပေးထားရတယ်။ လီဗာပူးလ်မှာလည်း အာနိုးလ်၊ ဂိုးမက်ဇ်တို့ကလွဲလို့ လူစုံပါတယ်။ အယ်လစ်ဆန်နဲ့ ဘရက်ဒလေတို့ကတော့ ၅၀-၅၀ အခြေအနေပါပဲ။

ဖူလ်ဟမ်အနေနဲ့ လီဗာပူးလ်ကို သမိုင်းတစ်လျှောက် သိပ်ပြီးမယှဉ်နိုင်ခဲ့ဘဲ နောက်ဆုံးတွေ့ဆုံမှု(၁၃)ပွဲမှာ (၁)ပွဲသာနိုင်ဖူးတယ်။ လီဗာပူးလ်ကို နောက်ဆုံးအိမ်ကွင်းတွေ့ဆုံမှု(၆)ပွဲဆက်တိုက်မှာလည်း မနိုင်ခဲ့ဘူး။

ဖူလ်ဟမ်အတွက် မျှော်လင့်စရာကတော့ ဒီနောက်ပိုင်းပွဲတွေမှာ ဆာလာဂိုးပေါက်ပျောက်လာပြီး လီဗာပူးလ်အသင်းဂိုးနည်းလာတာပဲ။ ဖူလ်ဟမ်အတွက် အိမ်ကွင်းမှာ နိုင်ပွဲရယူဖို့အထိ မမျှော်လင့်သင့်ပေမယ့် လီဗာပူးလ်ကို ဂိုးများများမပေးရအောင် ထိန်းချုပ်ကစားနိုင်လိမ့်မယ်လို့တော့ ထင်နေတယ်။ (၁-၀)(၂-၁)လို ရလဒ်မျိုးတွေနဲ့ လီဗာပူးလ်အနိုင်ရမယ့်ပွဲလို့ပဲ ခန့်မှန်းလိုက်ပါတယ်။

မန်ယူနိုက်တက် - မန်စီးတီး
(ပရီးမီးယားလိဂ်)
(6 April 2025/ 10:00 pm)

မန်ယူနိုက်တက်က ရမှတ်(၃၇)မှတ်နဲ့ အဆင့်(၁၃)မှာရပ်တည်နေပြီး မန်စီးတီးက ရမှတ်(၅၁)မှတ်နဲ့ အဆင့်(၅)မှာ ရပ်တည်နေတယ်။

ပြီးခဲ့တဲ့ရာသီ FA ဖလားဗိုလ်လုပွဲရှုံးကြွေးဆပ်ဖို့ရော၊ ဒီရာသီ ပထမအကျော့အိမ်ကွင်းရှုံးကြွေးဆပ်ဖို့ရော မန်စီးတီးအသင်းကြိုးစားရမှာဖြစ်တယ်။ မန်ယူနိုက်တက်က ပထမအကျော့တုန်းက မန်စီးတီးကွင်းမှာ ဖာနန်ဒက်စ်(ပယ်နယ်တီ)၊ အာမတ်တို့ရဲ့နောက်ကျဂိုးတွေနဲ့ မန်စီးတီးကို အနိုင်ယူခဲ့တာဖြစ်တယ်။

မန်စီးတီးအနေနဲ့ နောက်ဆုံးအိမ်ကွင်းပွဲမှာ မန်ယူနိုက်တက်ကို ရှုံးခဲ့ရတာဖြစ်ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူနိုက်တက်က ခက်ခဲတဲ့ပြိုင်ဘက်မဟုတ်ဘဲ မန်စီးတီးက အကြိမ်ကြိမ်နိုင်ခဲ့ဖူးတယ်။

ပရီးမီးယားလိဂ်သက်တမ်းတစ်လျှောက် မန်ယူနိုက်တက်ကို မန်စီးတီးက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ (၉)ပွဲအထိအနိုင်ရဖူးပြီး ဒါက ပြိုင်ဘက်အသင်းတစ်သင်းအနေနဲ့ မန်ယူနိုက်တက်ကို အဝေးကွင်းမှာ ပွဲအများဆုံးအနိုင်ရတာဖြစ်တယ်။

လက်ရှိအချိန်ကလည်း မန်ယူနိုက်တက်အသင်းအတွက် အိမ်ကွင်းမှာ အချိန်ကောင်းမဟုတ်ဘူးလို့ ပြောလို့ရတယ်။ နောက်ဆုံးပရီးမီးယားလိဂ်အိမ်ကွင်း(၈)ပွဲဆက်တိုက်ဂိုးပေးထားရပြီး ရှုံးပွဲက (၅)ပွဲအထိရှိခဲ့တယ်။ ဖောရက်စ်၊ ဘုန်းမောက်၊ နယူးကာဆယ်၊ ဘရိုက်တန်၊ ပဲလေ့စ်အစရှိတဲ့အသင်းတွေကို ရှုံးခဲ့ရပြီး ဆောက်သမ်တန်၊ အစ်ဝစ်ချ်တို့လို တန်းဆင်းဇုန်ထဲက အသင်းတွေကိုပဲ အနိုင်ရခဲ့တယ်။

နှစ်သင်းစလုံးမှာတော့ ဒဏ်ရာရသူတွေရှိပြီး မန်ယူနိုက်တက်မှာ က အီဗန်စ်၊ မာတီနက်ဇ်၊ အာမတ်၊ မေနူး အစရှိသူတွေ မကစားနိုင်သလို၊ မန်စီးတီးအသင်းမှာလည်း ရိုဒရီ၊ အကန်ဂျီ၊ စတုန်း၊ အကီ၊ ဟာလန်းတို့ ဒီပွဲလွဲကြလိမ့်မယ်။ မန်ယူနိုက်တက်အနေနဲ့ တစ်ရာသီလုံးကြုံတွေ့နေရတဲ့ဒဏ်ရာ​ပြဿနာက အထူးအဆန်းမဟုတ်တော့သလို မန်စီးတီးအနေနဲ့လည်း မာမွတ်ရှ်က အထိုင်ကျနေပြီဆိုတော့ ဟာလန်းမပါတဲ့ပြဿနာက သိပ်မကြီးလောက်ဘူး။

ဒီရာသီမှာ ခြေစွမ်းမတည်ငြိမ်ကြတာချင်းအတူတူ မန်ယူနိုက်တက်က ပိုစိတ်မချရတဲ့အသင်းအဖြစ်ရှိနေတယ်။ ဒီပွဲပြီးရင် လိုင်ယွန်နဲ့ ယူရိုပါလိဂ်ပွဲကို အာရုံထားရမယ့် မန်ယူနိုက်တက်ထက်စာရင် ဥရောပပွဲမရှိတော့တဲ့ မန်စီးတီးက ဒီပွဲကို အပြည့်အ၀အာရုံထားမယ်လို့ ယူဆရတယ်။ ဒါကြောင့် မန်စီးတီးရှုံးကြွေးဆပ်နိုင်မယ့်ပွဲအဖြစ် ဒီပွဲကိုမြင်မိတယ်။ မန်စီးတီးအနိုင်(၂-၀)(၂-၁)လို ရလဒ်တွေကို ကြိုက်မိတယ်။