ဘိုင်ယန်မြူးနစ် - အင်တာမီလန် (ချန်ပီယံလိဂ်ကွာတားဖိုင်နယ်) (9 April 2025/ 1:30 am) -——————— ဘွန်ဒစ်လီဂါနဲ့ စီးရီးအေမှာ ရမှတ်(၆၈)မှတ်စီနဲ့ ဦးဆောင်နေကြတဲ့အသင်း(၂)သင်းတွေ့မယ့်ပွဲဖြစ်တယ်။ ဒီနှစ်သင်းသမိုင်းတစ်လျှောက်တွေ့ဆုံမှုမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက သိသိသာသာအသာရခဲ့တယ်။ ချန်ပီယံလိဂ်မှာ (၇)ကြိမ်ရင်ဆိုင်ခဲ့ကြပြီး ဘိုင်ယန်မြူးနစ်က (၄)ပွဲနိုင်၊ အင်တာမီလန်က(၂)ပွဲနိုင်ပြီး (၁)ပွဲသရေကျခဲ့တယ်။ ဘိုင်ယန်မြူးနစ်က အိမ်ကွင်း Venue Allianz Arena မှာ ချန်ပီယံလိဂ်ရလဒ်ကောင်းတွေရယူထားသလို နောက်ဆုံးပြိုင်ပွဲစုံ(၁၀)ပွဲမှာလည်း(၈)ပွဲအထိ အနိုင်ကစားထားတယ်။ ဒီရာသီ Venue Allianz Arena မှာ ဆဲလ်တစ်တစ်သင်းကလွဲလို့ PSG၊ လေဗာကူဆင်အပါအဝင် ကျန်ချန်ပီယံလိဂ်ပြိုင်ပွဲဝင်အသင်းအားလုံး ဘိုင်ယန်မြူးနစ်ကို လည်စင်းပေးခဲ့ရတယ်။ အင်တာမီလန်က ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ပွဲတည်းရှုံးခဲ့တယ်ဆိုပေမယ့် ဒီတစ်ပွဲက ဂျာမန်ကလပ်လေဗာကူဆင်အသင်းဖြစ်နေတာတော့ သတိပြုရမယ်။ အင်တာမီလန်အတွက် ဂျာမန်မြေက အောင်မြေမဟုတ်ဘဲ ဒီပွဲမတိုင်ခင် ဂျာမန်မြေမှာကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာလည်း ဘိုင်ယန်မြူးနစ်ကိုပဲ ရှုံးခဲ့ရတယ်။ နှစ်သင်းစလုံးမှာ ဒဏ်ရာရသူတွေကိုယ်စီရှိနေကြပြီး ဘိုင်ယန်မြူးနစ်မှာ အူပါမီကာနို၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ မူဆီယာလာတို့လို အဓိက ကစားသမားတွေလွဲမယ်။ အင်တာမီလန်မှာလည်း ဒမ်ဖရီးစ်၊ တာရီမီ၊ ဇီလင်စကီးတို့က ဒဏ်ရာကြောင့်မကစားနိုင်ဘဲ အက်စလာနီက ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲမယ်။ အင်တာမီလန်ထက်စာရင် ဘိုင်ယန်မြူးနစ်က အဓိကကစားသမားတွေကို ပိုဆုံးရှုံးထားရပြီး ခံစစ်အထိုင်နည်းနည်းပျက်သွားတာတော့ စိုးရိမ်စရာရှိတယ်။ ဘယ်လိုပဲဖြစ်ပါစေ .. အိမ်ကွင်းဆို ခြေစွမ်းပိုကောင်းတဲ့ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လတ်တလောစီးရီးအေမှာ အဝေးကွင်းရလဒ်ဆိုးတ​ွေ ကြုံတွေ့နေရတဲ့ အင်တာမီလန်ကို အိမ်ကွင်းမှာ အနိုင်ရဖို့ ဖြစ်နိုင်ခြေများပါတယ်။ဘိုင်ယန်နောက်တန်းအားနည်းချက်ရှိနေတာကြောင့်လည်း အင်တာမီလန်ဂိုးရနိုင်မယ်လို့ထင်တယ်။ ဒါကြောင့် ဒီပွဲ ဂိုးများမယ်လို့ထင်နေပြီး ဘိုင်ယန်အနိုင်(၂-၁)(၃-၁)လို ရလဒ်တွေကို အကြိုက်တွေ့မိတယ်။ အာဆင်နယ် - ရီးရဲလ်မက်ဒရစ် (ချန်ပီယံလိဂ်ကွာတားဖိုင်နယ်) (9 April 2025/ 1:30 am) ဒီပွဲက ပရီးမီးယားလိဂ်ဒုတိယနေရာကအသင်းနဲ့ လာလီဂါဒုတိယနေရာကအသင်းတို့ရဲ့တိုက်ပွဲဆိုပေမယ့် အောင်မြင်မှုချင်း၊ အခြေအနေချင်းကတော့ အတော်ခြားနားပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ်မှာ မျှော်လင့်ချက်မရှိတော့ဘဲ ချန်ပီယံလိဂ်ကို ပုံအောရမှာဖြစ်ပြီး ရီးရဲလ်ကတော့ ဒီရာသီမှာ ဖလား(၄)လုံးထိ မျှော်လင့်ခွင့်ရှိနေသေးတယ်။ အာဆင်နယ်နဲ့ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်သမိုင်းမှာ (၂)ပွဲသာရင်ဆိုင်ကစားခဲ့ဖူးပြီး အာဆင်နယ်က တစ်ပွဲနိုင်တစ်ပွဲသရေကစားနိုင်ခဲ့တယ်။ ၂၀၀၅-၀၆ ရာသီမှာ ဆုံခဲ့ကြတာဖြစ်ပြီး အာဆင်နယ်က အဲဒီရာသီမှာ ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့တယ်။ နှစ်သင်းစလုံးအတွက် လက်ရှိအချိန်က အချိန်ကောင်းတော့မဟုတ်ဘူး။ အာဆင်နယ်က နောက်ဆုံး(၅)ပွဲမှာ ရှုံးပွဲမရှိဘူးဆိုပေမယ့် သရေပွဲတွေများသလို၊ ရီးရဲလ်ကလည်း နောက်ဆုံး(၂)ပွဲဆက်တိုက်နိုင်ပွဲပျောက်ပြီး စပိန်ဘုရင့်ဖလားမှာ ဆိုစီဒက်ကိုသရေ၊ လာလီဂါမှာ ဗလင်စီယာကို အိမ်ကွင်းမှာ ရှုံးထားတယ်။ အာဆင်နယ်မှာ ဒဏ်ရာရနေသူတွေဖြစ်တဲ့ ဂျေးဆူ၊ တိုမီယာဆု၊ ကိုင်ဟာဗက်ဇ်၊ ဂါဘရီရဲလ်၊ ကာလာဖီအိုရီတို့က ဒီပွဲလွဲမှာဖြစ်ပြီး စတာလင်က ပွဲပယ်ပြစ်ဒဏ်ကြောင့်လွဲမယ်။ ရီးရဲလ်မှာလည်း မန်ဒီ၊ ကာဗာဟယ်လ်၊ မီလီတာအို၊ ဆီဘယ်လော့စ်အစရှိတဲ့ကစားသမားတွေ ဒီပွဲလွဲမှာဖြစ်ပြီး ချူအာမန်နီက ပွဲပယ်ပြစ်ဒဏ်ကြောင့်လွဲမယ်။ ဆာကာပြန်ပါလာတာကြောင့် အာဆင်နယ်တိုက်စစ်က အရင်ကထက် ပိုလှုပ်လာပေမယ့် နောက်တန်းမှာ ဂါဘရီရဲလ်-ဆာလီဘာ ခံစစ်အထိုင်အတွဲပျက်သွားတာတော့ အာဆင်နယ်အတွက် စိုးရိမ်စရာရှိတယ်။ အာဆင်နယ်က ဒီနောက်ပိုင်းပွဲတွေမှာ ဂိုးပေးရတဲ့ပွဲတွေများလာသလို ရီးရဲလ်ကလည်း နောက်ဆုံး(၄)ပွဲမှာ (၉)ဂိုးအထိတောင် ပေးထားရတယ်။ ရီးရဲလ်ကPlay-Offs မှာ အင်္ဂလန်ကလပ်မန်စီးတီးကို အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်လာတယ်ဆိုပေမယ့် အုပ်စုအဆင့်မှာ လီဗာပူးလ်ကို (၀-၂)ဂိုးနဲ့ ရှုံးခဲ့တာလည်း မေ့ထားလို့တော့ မရဘူး။ နှစ်သင်းစလုံးမှာ အားနည်းချက်ကိုယ်စီရှိနေကြပြီး လတ်တလောမှာလည်း ခြေမမှန်ကြတော့ မှန်းဆရခက်ခဲတဲ့ပွဲမျိုးဖြစ်တယ်။ အိမ်ကွင်းမှာ အာဆင်နယ် သရေရလဒ်ရအောင်တော့ ခံကစားနိုင်မယ်လို့ ထင်မိတယ်။ (၁-၁)(၂-၂)လိုရလဒ်တွေကို အကြိုက်တွေ့မိတယ်။