ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

PSG - အက်စတွန်ဗီလာ
(ချန်ပီယံလိဂ်ကွာတားဖိုင်နယ်/ပထမအကျော့)
(9 April 2025/ 1:30 am)

PSG က ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ အစောဆုံးဗိုလ်စွဲတဲ့အသင်းအဖြစ် ပြင်သစ်လီဂူးချန်ပီယံဆုကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီး တစ်ရာသီလုံံးလည်း အမှတ်ပေးပွဲတွေအားလုံး အရှုံးမရှိကစားထားတယ်။ အက်စတွန်ဗီလာကတော့ ဥရောပဝင်ခွင့်တိုက်ပွဲဝင်နေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်အဆင့်(၇)မှာ ရပ်တည်နေတယ်။

ချန်ပီယံလိဂ်မှာ ပြင်သစ်ကလပ်တွေနဲ့ အင်္ဂလန်ကလပ်တွေ ကွာတားဖိုင်နယ်အဆင့်မှာ သိပ်ပြီးဆုံတွေ့လေ့မရှိသလို PSG နဲ့ ဗီလာ ပထမဆုံးတွေ့ဆုံကြတာဖြစ်တယ်။ ၂၀၁၉-၂၀ ရာသီက မန်စီးတီးနဲ့လိုင်ယွန်တွေ့ဆုံအပြီး ကွာတားအဆင့်မှာ ဒုတိယမြောက် ပြင်သစ်ကလပ်နဲ့ အင်္ဂလန်ကလပ်ဆုံတွေ့တာလည်းဖြစ်တယ်။

PSG က ချန်ပီယံလိဂ်နောက်ဆုံးအိမ်ကွင်းပွဲမှာ အင်္ဂလန်ကလပ် လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့သလို ဗီလာကလည်း ပြင်သစ်မြေမှာ မိုနာကိုအသင်းကို အုပ်စုအဆင့်မှာ ရှုံးခဲ့တယ်။ PSG က ရှေ့ပိုင်းချန်ပီယံလိဂ်ပွဲတွေမှာသာ အခြေအနေမကောင်းခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ လီဗာပူးလ်ကို ရှုံးတာကလွဲလို့ (၇)ပွဲမှာ (၆)ပွဲအနိုင်ကစားနိုင်ခဲ့တယ်။ အသင်းက ဒီနောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြ ဂိုးမြူးနေပြီး ဒမ်ဘီလီ၊ ဂွန်ဆာလိုရာမို့စ်၊ ကဗာရာရှက်ကလီယာ၊ ဒိုအူအစရှိတဲ့ ကစားသမားအစုံအလင်က နောက်ဆုံး(၄)ပွဲမှာ (၁၄)ဂိုးအထိ သွင်းထားတယ်။

PSG အသင်းခေါင်းဆောင်မာကွင်ဟို့စ် ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကိုလွဲမှာဖြစ်ပြီး PSG မှာ ဒဏ်ရာရနေသူက လီကန်အင်တစ်ဦးတည်းသာရှိတယ်။ ဗီလာမှာလည်း ဒဏ်ရာရသူမရှိဘဲ ဘိုင်လီ၊ ဘာကလေတို့ပဲ ကြံ့ခိုင်မှုအခြေအနေ တစ်ချက်စောင့်ကြည့်ရမယ်။

PSG ခြေစွမ်းပြနေသလို ဗီလာကလည်း ဒီနောက်ပိုင်းပွဲတွေမှာ ရပ်ရှ်ဖို့ဒ်၊ အဆန်စီယိုအစရှိတဲ့ကစားသမားသစ်တွေ ရောက်လာပြီးနောက်ပိုင်း ရလဒ်ကောင်းတွေရနေပြီး (၇)ပွဲဆက်တိုက်အနိုင်ကစားထားတယ်။

ဒါပေမယ့် ပြင်သစ်ချန်ပီယံအသင်းရဲ့ကစားသမားအင်အားနဲ့ အသင်းအရည်အသွေးချင်းယှဉ်ရင် ဗီလာက PSG ထက် တစ်ဆင့်နိမ့်တာ ငြင်းမရပါဘူး။ ကစားရမှာလည်း ပြင်သစ်မြေမှာဆိုတော့ မိုနာကိုအသင်းကိုတောင်ရှုံးခဲ့တဲ့ ဗီလာအနေနဲ့ PSG ကို သရေကစားဖို့တောင် မလွယ်ပါဘူး။ PSG အနိုင်(၃-၁)လို ရလဒ်ကို အကြိုက်တွေ့မိတယ်။

ဘာစီလိုနာ - ဒေါ့မွန်
(ချန်ပီယံလိဂ်ကွာတားဖိုင်နယ်/ပထမအကျော့)
(10 April 2025/ 1:30 am)

ဘာစီလိုနာက ဒီရာသီမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း၊ ဒေါ့မွန်က ကွာတားဖိုင်နယ်တက်(၈)သင်းထဲမှာ ဗိုလ်စွဲနိုင်ခြေ အဆင့်(၈)သာ သတ်မှတ်ခံရတဲ့အသင်း။ ဒါကို ကြည့်တာနဲ့ ဒီပွဲမှာ ဒီနှစ်သင်းကြားအနိုင်ရနိုင်ခြေဘယ်လောက် ကွာခြားမှုကြီးမားလဲဆိုတာ အဖြေထွက်ပါတယ်။

လာလီဂါမှာ လက်ရှိချန်ပီယံအသင်းကို ရမှတ်(၄)မှတ်ဖြတ်ဦးဆောင်နေတဲ့အသင်းနဲ့ ဘွန်ဒစ်လီဂါမှာ အဆင့်(၈)ရောက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်တောင် မရေရာတဲ့အသင်းတို့ ရင်ဆိုင်ကြမှာဖြစ်ပါတယ်။

ဒီကြားထဲ ဒေ့ါမွန်မှာက အဓိက ကစားသမားတွေ ဒဏ်ရာရ/ပွဲပယ်ခံရတဲ့ပြဿနာက ရှိနေပါသေးတယ်။ ဆူလေ၊ ဆာဘစ်ဇာ၊ ရှလော့တာဘတ်အစရှိတဲ့ကစားသမားတွေအပါအဝင် ကစားသမား(၆)ယောက်လောက် ဒီပွဲလွဲမှာဖြစ်ပြီး ပါစကယ်ဂရော့စ်ကလည်း ပွဲပယ်ခံထားရတယ်။

ဘာစီလိုနာမှာက အော်လ်မို၊ ဘာနယ်လ်၊ စတီဂန်တို့လောက်ပဲ ဒီပွဲလွဲမှာဖြစ်ပြီး တောင့်တင်းတဲ့လူငယ်ကစားသမားအများစုရှိတဲ့အပြင် ပိုလန်ဂိုးသမားရှက်ဇနီကလည်း ငယ်မူငယ်သွေးပြနေလို့ ဘာစီလိုနာအတွက် ပြဿနာမရှိဘူး။ ဘာစီလိုနာတိုက်စစ်က လူစုံပြီး လီဝန်ဒေါစကီးကလည်း အသင်းဟောင်းနဲ့ ပြန်တွေ့ရင် ဂိုးမြူးတတ်တာက ဒေါ့မွန်အတွက် စိုးရိမ်စရာဖြစ်တယ်။

၂၀၂၅ ခုနှစ်အတွင်း ပြိုင်ပွဲစုံ(၂၂)ပွဲဆက်တိုက်ကို ရှုံးပွဲမရှိကစားထားတဲ့ ဘာစီလိုနာအနေနဲ့ အိမ်ကွင်းမှာ ချွတ်ချော်ပြီး ဒေါ့မွန်ကို ရှုံးသွားစရာအကြောင်းမရှိပါဘူး။ ဒီရာသီ အုပ်စုအဆင့်မှာ ဒီနှစ်သင်းတွေ့တုန်းကလည်း ဘာစီလိုနာက အဝေးကွင်းမှာ (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့သေးတယ်။

ဒါကြောင့် ဥရောပမှာ ဒေါ့မွန်ကို တစ်ခါမှာ မရှုံးဖူးဘဲ (၃)ပွဲနိုင်(၂)ပွဲသရေကစားထားတဲ့ ဘာစီလိုနာကိုပဲ ရွေးချယ်ရမှာပါပဲ။ ဒုတိယအကျော့ကို ကြည့်စရာမလိုလောက်အောင် ဘာစီလိုနာဂိုးပြတ်နိုင်မယ်လို့ ထင်နေမိတယ်။ (၃-၀)(၃-၁)လို ရလဒ်တွေကို ကြိုက်မိတယ်။