ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)
ပထမအကျော့
ဘာစီလိုနာ - အင်တာမီလန်
(1 May 2025/ 1:30 am)
ဘာစီလိုနာက လာလီဂါဇယားထိပ်ဆုံးမှာ လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းကို ရမှတ်(၄)မှတ်ဖြတ် ဦးဆောင်နေပြီး လက်ရှိစီးရီးအေချန်ပီယံအင်တာမီလန်ကတော့ နောက်ဆုံးစီးရီးအေပွဲနှစ်ပွဲဆက်တိုက်ရှုံးခဲ့တာကြောင့် နာပိုလီရဲ့နောက် ဒုတိယနေရာမှာ ရမှတ်(၃)မှတ်ကွာပြီး ရပ်တည်နေတယ်။
ဘာစီလိုနာနဲ့ အင်တာမီလန် ထိပ်တိုက်တွေ့ဆုံမှုတွေပြန်ကြည့်ရင်တော့ ဘာစီလိုနာက သိသိသာသာ အသာရထားတာကိုတွေ့ရတယ်။ ဒီနှစ်သင်း ကစားထားတဲ့(၁၆)ပွဲမှာ ဘာစီလိုနာက (၈)ပွဲနိုင်၊ အင်တာမီလန်က (၃)ပွဲပဲနိုင်ပြီး (၅)ပွဲသရေကျခဲ့ကြတယ်။
နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲက ၂၀၂၂ အောက်တိုဘာလက ချန်ပီယံလိဂ်အုပ်စုအဆင့် နူးကမ့်ကွင်းမှာတွေ့ခဲ့ကြတာဖြစ်ပြီး (၃-၃)ဂိုးစီသရေကျခဲ့ကြတယ်။
ဘာစီလိုနာက ပြီးခဲ့တဲ့ရာသီ ကွာတားဖိုင်နယ်မှာ PSG အသင်းကို အရှက်တကွဲ(၁-၄)ဂိုးနဲ့ ရှုံးပြီးကတည်းက အိမ်ကွင်းချန်ပီယံလိဂ်ပွဲတွေမှာ အရှုံးမရှိတော့ဘူး။ ဒီရာသီမှာ အိမ်ကွင်းချန်ပီယံလိဂ်(၆)ပွဲကစားထားရာမှာ အတ္တလန်တာနဲ့တစ်ပွဲသာ (၂-၂)ဂိုးနဲ့သရေကျခဲ့ပြီး ကျန်(၅)ပွဲကို အနိုင်ကစားခဲ့တယ်။ ဒီအထဲမှာ ဂျာမန်ကလပ်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်တို့ကို အိမ်ကွင်းမှာ (၄)ဂိုးစီသွင်းပြီး အနိုင်ယူခဲ့တယ်။
ပြီးခဲ့တဲ့ရာသီက စပိန်ကလပ်အက်သလက်တီကိုမက်ဒရစ်အသင်းကို မက်ဒရစ်မှာ (၁-၂)ဂိုးနဲ့ရှုံးပြီး ပယ်နယ်တီအဆုံးအဖြတ်နဲ့ ချန်ပီယံလိဂ် Round of 16 အဆင့်ကနေ ထွက်ခဲ့ရတဲ့ အင်တာမီလန်က စပိန်မြေမှာ စပိန်ကလပ်တွေကို နိုင်ပွဲမရတာ အတော်ကြာပြီ။ စပိန်မြေမှာ စပိန်ကလပ်တွေနဲ့ကစားခဲ့တဲ့နောက်ဆုံး(၁၀)ပွဲမှာ (၇)ပွဲသရေကျတယ်။ (၃)ပွဲရှုံးတယ်။ နိုင်ပွဲမရှိဘူး။
လတ်တလောမှာ အင်ဇာဂီရဲ့ အင်တာမီလန်အသင်းအတွက် ပြဿနာရှိနေတာက အံအားသင့်ဖွယ်ကောင်းလောက်အောင် (၃)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တာပဲ။ ဘိုလော့နာ၊ အေစီမီလန်၊ ရိုးမားတို့ကို ဂိုးမသွင်းနိုင်ဘဲ ဆက်တိုက်ရှုံးခဲ့ရတယ်။ တိုက်စစ်မှာ မားကပ်စ်သူရမ်က ဒဏ်ရာပြဿနာရှိနေတော့ ဒီပွဲမှာ လော်တာရိုမာတီနက်ဇ်နဲ့ တာရီမီ တွဲပြီး ပွဲထွက်လာဖို့များတယ်။ နောက်ခံလူပါဗာနဲ့ ကွင်းလယ်လူကာဘိုနီတို့လည်း ဒီပွဲ ဒဏ်ရာကြောင့်လွဲမယ်။
ဘာစီလိုနာမှာလည်း တိုက်စစ်မှူးလီဝန်ဒေါစကီး မပါနိုင်သေးပေမယ့် ဒါက ဘာစီလိုနာလိုအသင်းရှေ့တန်းအတွက် ကြီးမားတဲ့ပြဿနာတော့မဟုတ်ဘူး။ ကျန်ဒဏ်ရာရသူတွေကလည်း ဘယ်လ်ဒေး၊ ဘာနယ်လ်၊ ကာဆာဒိုတို့လောက်သာဆိုတော့ ဘာစီလိုနာက သူ့ဘာသာသူ အားပြည့်အင်ပြည့်ရှိပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုသမိုင်းကြောင်း၊ ကစားသမားအခင်းအကျင်း၊ လက်ရှိခြေစွမ်း၊ အိမ်ရှင်အခွင့်အရေး ဘယ်နေရာက ကြည့်ကြည့် ဘာစီလိုနာသာတယ်ဆိုတာ ငြင်းမရတဲ့ပွဲပါ။ ဒါပေမယ့် စီးရီးအေ ကလပ်တွေရဲ့ ခံစစ်မာကြောမှုက ခန့်မှန်းရခက်သလို အင်တာမီလန်အနေနဲ့ အုပ်စုအဆင့်(၈)ပွဲမှာ (၁)ဂိုးတည်းပေးခဲ့ရတာကိုလည်း သတိပြုရမယ်။ ဘာစီလိုနာနိုင်မယ်။ ဂိုးအများကြီးမပြတ်ဘူးလို့ပဲ ခန့်မှန်းချင်တယ်။ (၁-၀)(၂-၁)လို ရလဒ်တွေကို အကြိုက်တွေ့မိတယ်။