ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ
ဘရန့်ဖို့ဒ် - မန်ယူနိုက်တက်
(ပရီးမီးယားလိဂ်)
(4 May 2025/ 7:30 pm)
ဘရန့်ဖို့ဒ်က ရမှတ်(၄၉)မှတ်နဲ့ ပရီးမီးယားလိဂ်အဆင့်(၁၁)မှာရပ်တည်နေပြီး မန်ယူနိုက်တက်က ရမှတ်(၃၉)မှတ်နဲ့ အဆင့်(၁၅)မှာ ရပ်တည်နေတယ်။ နှစ်သင်းစလုံး ဟိုမရောက်ဒီမရောက်ဖြစ်နေပေမယ့် အဆင့်တက်ဖို့တော့ ကြိုးစားရမှာဖြစ်တယ်။
ရာသီအစမှာ အိမ်ကွင်းရလဒ်တွေအရမ်းကောင်းခဲ့ပြီး ဥရောပထိပ်တန်းလိဂ်(၅)ခုမှာတောင် အိမ်ကွင်းအကောင်းဆုံးအသင်းလို့ သတ်မှတ်ခံခဲ့ရတဲ့ ဘရန့်ဖို့ဒ်က ခရစ္စမတ်ကာလကစပြီး အိမ်ကွင်းနိုင်ပွဲတွေက ယူပစ်သလို ပျောက်သွားတယ်။ (၉)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်ကမှ ဘရိုက်တန်နဲ့ပွဲမှာ (၄-၂)ဂိုးနဲ့ အိမ်ကွင်းနိုင်ပွဲပြန်ရခဲ့တာဖြစ်တယ်။
မန်ယူနိုက်တက်ကလည်း အဝေးကွင်းပွဲတွေမှာ ရလဒ်တွေဆိုးခဲ့ပြီး နောက်ဆုံးပွဲမှာမှ ဘီလ်ဘာအိုကို စပိန်မြေမှာ ခြေစွမ်းပြပြီး(၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်တယ်။ ရှေ့ပွဲတွေမှာ အဝေးကွင်း(၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပြီး (၂)ပွဲသရေ၊ (၂)ပွဲရှုံးခဲ့တယ်။
ပထမအကျော့မှာ ဒီနှစ်သင်း အိုးလ်ထရက်ဖို့ဒ်ကွင်းမှာတွေ့တုန်းက မန်ယူနိုက်တက်အသင်းက (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တယ်။
ဒီနှစ်သင်းတူတာတစ်ခုက တောက်လျှောက်ခြေမတည်မငြိမ်ဖြစ်နေပြီး ရလဒ်တွေယိုင်နေရာကနေ အခုနောက်ပိုင်းပွဲတွေမှာ အထင်ကြီးစရာခြေစွမ်းကို ကိုယ်စီပြနေကြတာဖြစ်တယ်။ ဘရန့်ဖို့ဒ်က ဘရိုက်တန်ကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဖောရက်စ်အသင်းကို အဝေးကွင်းမှာ (၂-၀)ဂိုးနဲ့ ထပ်ပြီးအနိုင်ယူထားတယ်။
အသင်းမှာ အမ်ဘူမို၊ ဝစ်ဆာ၊ နော်ဂတ်၊ ဒမ်းစ်ဂတ်အစရှိတဲ့ကစားသမားတွေက အတွဲမိမိနဲ့ ခြေစွမ်းပြနေပြီး ဂိုးသမားဖလက်ကန်နဲ့ နောက်တန်းကလည်း ဒီနောက်ပိုင်းပွဲတွေမှာ ဂိုးပေးနည်းလာအောင် နားလည်မှုရှိရှိ ကစားနိုင်ကြတာကိုတွေ့ရတယ်။
မန်ယူနိုက်တက်က ဘီလ်ဘာအိုနဲ့ပွဲတုန်းက အကောင်းဆုံးခြေစွမ်းကိုပြခဲ့ပြီး ဒါမျိုးနောက်ထပ်ပြန်မြင်ရဖို့တော့ မန်ယူနိုက်တက်ပရိသတ်တွေ မျှော်နေမှာမလွဲဘူး။ ဒါပေမယ့် ဘီလ်ဘာအိုနဲ့ အိမ်ကွင်းမှာ ပြန်ကစားရမယ့်ပွဲကို မန်ယူနိုက်တက်ပိုပြီး အာရုံထားမှာတော့ ငြင်းမရဘူး။
ပြီးတော့ လန်ဒန်မှာ ကစားရမယ့်ပွဲအတွက် မန်ယူနိုက်တက်ကို သိပ်မမျှော်လင့်သင့်ဘူး။ လန်ဒန်မှာကစားခဲ့တဲ့နောက်ဆုံး(၂၁)ပွဲမှာ မန်ယူနိုက်တက်နိုင်တာ(၃)ပွဲပဲရှိတယ်။ (၁၃)ပွဲအထိရှုံးခဲ့တယ်။ အခုလည်း အိမ်ကွင်းယူရိုပါလိဂ်ပွဲအတွက် လန်ဒန်မှာ ခရီးပန်း၊ လူပန်းမဖြစ်အောင်တော့ ကစားလိမ့်ထင်တယ်။ ဒါကြောင့် ဒီပွဲဘရန့်ဖို့ဒ် အောက်ထစ် သရေရမယ့်ပွဲလို့ ထင်နေတယ်။ (၁-၁)လိုရလဒ်ကိုပဲ ကြိုက်မိတယ်။
ချယ်လ်ဆီး - လီဗာပူးလ်
(ပရီးမီးယားလိဂ်)
(4 May 2025/ 10:00 pm)
ချယ်လ်ဆီးက ရမှတ်(၆၀)မှတ်နဲ့ အဆင့်(၅)မှာ ရပ်တည်နေပြီး ချန်ပီယံလီဗာပူးလ်ကတော့ (၈၂)မှတ်ရထားတယ်။ လီဗာပူးလ်က ဘာမှထပ်ပြီးကြိုးပမ်းစရာမလိုတော့ပေမယ့် ချယ်လ်ဆီးကတော့ ထိပ်ဆုံး(၅)သင်းစာရင်းဝင်ရေးအတွက် လက်ကျန်ပွဲတွေမှာ ထပ်ပြီး ရုန်းကန်ရဦးမယ်။
ချယ်လ်ဆီးက ဒီ ၂၀၂၅ ခုနှစ်အတွင်းမှာ အိမ်ကွင်းပရီးမီးယားလိဂ်ပွဲတွေကို တစ်ပွဲမှမရှုံးအောင် ကစားထားနိုင်တာကိုတွေ့ရတယ်။ အိမ်ကွင်း နောက်ဆုံး(၈)ပွဲမှာ (၆)ပွဲနိုင်(၂)ပွဲသရေကျခဲ့တယ်။ အသင်းကလည်း ဒီနောက်ပိုင်းပွဲတွေမှာ ဂိုးဆက်တိုက်သွင်းနိုင်ခဲ့ပြီး ဂျက်ဆန်က ဂိုးပေါက်ပြန်တွေ့နေသလို၊ ဆန်ချို၊ မာဒူအက်ကေအစရှိတဲ့ကစားသမားတွေကလည်း ဂိုးတွေသွင်းပေးနေလို့ ပွဲတိုင်းလိုလိုဂိုးရနေတယ်။
လီဗာပူးလ်ကလည်း သူတို့ရဲ့ဆာလောင်မှုကို ပြသနေဆဲလို့ဆိုရမယ်။ စပါးနဲ့ပွဲမှာ သရေတစ်မှတ်ရရင်လုံလောက်ပေမယ့် (၅)ဂိုးအထိသွင်းပြီး ပြတ်ပြတ်သားသားအနိုင်ယူပြခဲ့တယ်။ အထူးသဖြင့် နောက်ဆုံး(၄)နှစ်အတွင်း ချယ်လ်ဆီးကို လုံး၀မရှုံးတော့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဒီမှတ်တမ်းကို လွယ်လွယ်နဲ့ ကျိုးပျက်မခံမှာသေချာတယ်။
ချယ်လ်ဆီးမှာ ထုံးစံအတိုင်းဖိုဖာနာ၊ မာ့ခ်ဂူအီတို့ အနားယူနေရပြီး အန်ကွန်ကူ၊ ဂတ်စတိုတို့မသေချာပေမယ့် အသင်းအတွက်ကတော့ သိပ်ပြီးပြဿနာမရှိနိုင်ပါဘူး။ လီဗာပူးလ်မှာလည်း ကြာရှည်နားနေရတဲ့ ဂိုးမက်ဇ်ပဲဒီပွဲလွဲပြီး ဘရက်ဒလေကတော့ ၅၀-၅၀ ပဲ။
နှစ်သင်းစလုံးကတော့ ခြေစွမ်းအတက်ဘက် ပြန်ရောက်နေတဲ့အချိန်ဖြစ်ပြီး ချယ်လ်ဆီးက ရမှတ်လိုနေသလို လီဗာပူးလ်ကလည်း အသင်းကြီးအချင်းချင်း လွယ်လွယ်နဲ့ အရှုံးပေးမယ့်ပုံမရှိဘူး။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်ကောင်းနိုင်ပြီး (၂-၂)(၃-၃)လို ရလဒ်မျိုးထွက်မယ်လို့ ထင်နေမိတယ်။