ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ
Bodo/Glimt - စပါး
(ယူရိုပါလိဂ်ဆီမီးဖိုင်နယ်)
(9 May 2025/ 1:30 am)
ပထမအကျော့မှာကတည်းက ဒီနှစ်သင်းကြား ခြေစွမ်းကွာဟမှုကို သိသိသာသာတွေ့ခဲ့ရသလို စပါးက အိမ်ကွင်းမှာ (၃-၁)ဂိုးနဲ့အနိုင်ယူခဲ့တယ်။ တကယ်ဆို စပါးအနေနဲ့ ဒီထက်တောင် ပိုပြီးဂိုးပြတ်အနိုင်ရနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရခဲ့တယ်။ စပါးရဲ့ဂိုးပေါက်ကန်သွင်းမှုက (၂၄)ကြိမ်အထိရှိခဲ့ပြီး Bodo/Glimt က (၃)ကြိမ်သာရှိတဲ့အထိ ဒီနှစ်သင်းကြား ကွာခြားခဲ့တယ်။
Bodo/Glimt အနေနဲ့ ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်သာရှိပြီး ဒီတစ်ကြိမ်တည်းနဲ့ ချေပဂိုးတစ်ဂိုးရခဲ့တာဖြစ်တယ်။
ဒုတိယအကျော့ပွဲမှာ Bodo/Glimt အသင်းမှာ အားထားရတဲ့ကွင်းလယ်လူတွေဖြစ်တဲ့ အီဗ်ယန်နဲ့ ပက်ထရစ်ဘာ့ဂ်တို့ ပြန်ပါလာတာကြောင့် ပထမအကျော့က အသင်းထက်ပိုအားကောင်းလာမယ်လို့တော့ မျှော်လင့်ရတယ်။ အသင်းမှာ ဒဏ်ရာရသူတွေ ပြန်ကောင်းလာပြီဖြစ်လို့ ဒဏ်ရာရ/ပွဲပယ်မရှိဘဲ လူပြန်စုံနေပြီလို့ ပြောလို့ရတယ်။
စပါးမှာ ဒရာဂူဆင်၊ ဆွန်ဟောင်မင်တို့ ပြန်မကစားနိုင်သေးသလို မက်ဒီဆန်၊ ဘာ့ဂ်ဗယ်လ်တို့လည်း ဒီပွဲလွဲမယ်။ ဆိုလန်ကီကတော့ ဒဏ်ရာအနည်းငယ်ရှိခဲ့ပေမယ့် ကြံခိုင်မှုပြည့်ရင် ပွဲထွက်စာရင်းမှာ ပါလာနိုင်တယ်။
စပါးအနေနဲ့ ဒီပွဲမှာ ပထမအကျော့လောက်တော့ အများကြီးမမျှော်လင့်နိုင်ဘူးထင်တယ်။ Bodo/Glimt ကွင်းဖြစ်နေတဲ့အပြင် အိမ်ရှင်အသင်းက အားပြန်ကောင်းလာချိန်မှာ စပါးက အဓိက ကစားသမားအများစုလွဲမယ့်အနေအထားရှိနေတယ်။
စပါးရဲ့ လတ်တလောအဝေးကွင်းရလဒ်တွေကလည်း ပိုစတီကိုဂလူးရဲ့အသင်းအပေါ်ကို ယုံကြည်မှုလျော့ကျစေတယ်။ နောက်ဆုံးအဝေးကွင်း(၁၀)ပွဲမှာ နိုင်ပွဲ(၂)ပွဲပဲရတဲ့စပါးကို ဒီပွဲမှာ သိပ်မယုံချင်ဘူး။ Bodo/Glimt အသင်း အိမ်ကွင်းမှာ အနိမ့်ဆုံးသရေရအောင်တော့ ခံကစားနိုင်မယ်လို့ ထင်နေတယ်။ (၁-၁)လို ရလဒ်မျိုးကိုပဲ ကြိုက်မိတယ်။
မန်ယူနိုက်တက် - ဘီလ်ဘာအို
(ယူရိုပါလိဂ်ဆီမီးဖိုင်နယ်)
(9 May 2025/ 1:30 am)
ပထမအကျော့ စပိန်မြေမှာ ပြတ်သားတဲ့ရလဒ်ထွက်ထားတော့ ဒီပွဲက သိပ်ပြီး ရင်ခုန်စရာမရှိဘူးဖြစ်နေတယ်။ မန်ယူနိုက်တက်က ဒီရာသီ ယူရိုပါလိဂ်မှာ တစ်သင်း၊ ပရီးမီးယားလိဂ်မှာ တစ်သင်းကစားနေသလားထင်ရလောက်အောင် ခြေစွမ်းရော၊ ရလဒ်ပါ ကွာခြားလွန်းနေတယ်။
ပထမအကျော့ ဆမ်မာမီးစ်ကွင်းမှာ မန်ယူနိုက်တက်တစ်သင်းလုံး ခြေစွမ်းပြကစားခဲ့ကြပြီး ဘီလ်ဘာအို(၀-၃)မန်ယူနိုက်တက်ဆိုတဲ့ ရလဒ်ကို အာမိုရင်ရဲ့အသင်းက ထိုက်ထိုက်တန်တန်ရခဲ့တာဖြစ်တယ်။ ဒီရာသီ ဥရောပပြိုင်ပွဲ(၃)ရပ်မှာ ရှုံးပွဲမရှိတဲ့ တစ်သင်းတည်းသောအသင်းမှတ်တမ်းကို မန်ယူနိုက်တက်ရှေ့ဆက်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။
မန်ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ တန်းမဆင်း၊ ဥရောပဝင်ခွင့်မမီ ဘာဖိအား၊ ဘာမျှော်လင့်ချက်မှမရှိပေမယ့် ဘီလ်ဘာအိုကတော့ လာလီဂါမှာ အဆင့်(၄)နေရာတည်မြဲရေးဖိအား ရှိနေတယ်။ ဘီလ်ဘာအိုအနေနဲ့ အသင်းအတွက် တကယ့်အရေးကြီးတဲ့အချိန်မှာ တိုက်စစ်က ကျဆင်းလာတာကိုလည်း တွေ့ရတယ်။ ဒီနောက်ပိုင်းပွဲတွေမှာ အသင်းက သွင်းဂိုးအတော်နည်းလာတယ်။ နောက်ဆုံး(၁၀)ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲက (၆)ပွဲအထိရှိနေတယ်။
ဒီပွဲမှာပိုဆိုးတာက အသင်းရဲ့အားထားရတဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ နီကိုဝီလီယံစ်နဲ့ အီနာကီဝီလီယံစ်တို့မပါတဲ့အပြင် နောက်ခံလူဗီဗီယန်ကလည်း ပထမအကျော့က အနီကတ်ကြောင့် ဒီပွဲပွဲပယ်ခံရမယ်။ မန်ယူနိုက်တက်မှာလည်း ဒဏ်ရာရသူများတယ်ဆိုပေမယ့် မန်ယူနိုက်အတွက်က ဒဏ်ရာတွေနဲ့ အသားကျနေပြီလို့ ဆိုရမယ်။
ဘီလ်ဘာအိုက နောက်ဆုံးအဝေးကွင်း(၁၀)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရှိသလို နောက်ဆုံး(၄)ပွဲမှာ ဂိုးတောင်မသွင်းနိုင်ဘူး။ အင်္ဂလန်ကလပ်တွေနဲ့ အဝေးကွင်းပွဲတွေမှာလည်း ဘီလ်ဘာအိုက မှတ်တမ်မကောင်းဘူး။ အင်္ဂလန်မြေမှာကစားခဲ့တဲ့ နောက်ဆုံးဥရောပပွဲ(၉)ပွဲမှာ (၇)ပွဲအထိရှုံးခဲ့တယ်။
ဒါကြောင့် ဒီပွဲလည်း အိမ်ရှင်အသင်းကိုပဲ ရွေးချယ်ချင်တယ်။ မန်ယူနိုက်တက် နိုင်ပွဲထပ်ယူမယ့်ပွဲဖြစ်မယ်။ (၂-၀)(၃-၁)လို ရလဒ်တွေကို အကြိုက်တွေ့မိတယ်။