ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ယူရိုပါလိဂ်ဗိုလ်လုပွဲ
မန်ယူနိုက်တက် - စပါး
(22 May 2025/ 1:30 am)
ဒီရာသီမှာ ကံကြမ္မာချင်းထပ်တူကျနေတဲ့ အသင်း(၂)သင်း ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စီးချင်းထိုးကြတော့မယ်။ ယူရိုပါလိဂ်ချန်ပီယံဆုက ဒီရာသီမှာ ကျရှုံးနေတဲ့ဒီ(၂)သင်းထဲက တစ်သင်းကို အတိုင်းအတာတစ်ရပ်အထိ ကယ်တင်ပေးနိုင်မှာဖြစ်သလို လာမယ့်ရာသီချန်ပီယံလိဂ်(တိုက်ရိုက်)ဝင်ခွင့်ကိုလည်း အပိုဆုအနေနဲ့ ရမှာဖြစ်တာကြောင့် ဘယ်အသင်းက ချန်ပီယံဆုကိုရယူပြီး ရာသီအဆုံးသတ်မှာ အသက်ရှုချောင်မလဲ ... ဘယ်အသင်းက ဗိုလ်လုပွဲမှာရှုံးနိမ့်ပြီး ကျရှုံးတဲ့ရာသီမှာ ဘယ်လောက်အထိ ဆက်နစ်မွန်းမလဲဆိုတာ ကြည့်ရမှာပါ။
ဒီရာသီအတွင်းမှာ မန်ယူနိုက်တက်နဲ့ စပါးအသင်းတို့ (၃)ပွဲတွေ့ဆုံခဲ့ပြီး (၃)ပွဲစလုံး စပါးက မန်ယူနိုက်တက်အသင်းကို အနိုင်ယူခဲ့တယ်။ ပရီးမီးယားလိဂ်တွေ့ဆုံမှု(၂)ကြိမ်စလုံး မန်ယူနိုက်တက်အသင်းတစ်ဂိုးမှ မသွင်းနိုင်ဘဲ စပါးက Clean Sheet ရလဒ်တွေနဲ့ အနိုင်ယူခဲ့တယ်။ လိဂ်ဖလားတွေ့ဆုံမှုမှာတော့ စပါးက အိမ်ကွင်းမှာ (၄-၃)ဂိုးနဲ့ အနိုင်ယူခဲ့တယ်။
ဒါပေမယ့် ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲဖြတ်သန်းမှုမှာတော့ မန်ယူနိုက်တက်အသင်းက စပါးထက်အတော်ကိုအသာရတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတယ်။ ယူရိုပါလိဂ်မှာ တစ်ရာသီလုံးရှုံးပွဲမရှိခဲ့သလို ကစားခဲ့တဲ့ (၁၄)ပွဲမှာ (၃၅)ဂိုးအထိတောင်သွင်းထားတယ်။
မန်ယူနိုက်တက်ကစားသမားတွေအနေနဲ့ ပြည်တွင်းပွဲစဉ်တွေမှာ ကစားတာနဲ့ ယူရိုပါလိဂ်မှာ ကစားတာ ခြေစွမ်းချင်းမတူသလို ရလဒ်ပိုင်းမှာလည်း အတော်ကွာခြားခဲ့တယ်။ ယူရိုပါလိဂ်မှာ တစ်ရာသီအတွင်း (၃၅)ဂိုးဆိုတာ အတော်ကို မြင့်မားတဲ့ဂိုးအရေအတွက်ဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်တစ်ရာသီအတွင်း ဒီအရေအတွက်ထက်ပိုသွင်းနိုင်တာ (၂)သင်းပဲ ရှိတယ်။
လက်ရှိမှာ နှစ်သင်းစလုံး ဒဏ်ရာရကစားသမားတွေများနေတာတော့အမှန်ပဲ။ မန်ယူနိုက်တက်စာရင် စပါးက ကူလူဆက်ဗ်စကီး၊ မက်ဒီဆန်အစရှိသူတွေအပါအဝင် အဓိက ကစားသမားတွေကို ပိုဆုံးရှုံးထားရပြီး မန်ယူနိုက်တက်မှာတော့ ယိုရို၊ ဇက်ခ်ဇီ၊ ဒါလော့၊ ဒီလစ်တို့ ပြန်ကစားနိုင်မယ့်အနေအထားမှာရှိတယ်။ ဒါကြောင့် စပါးထက်စာရင် မန်ယူနိုက်တက်က ပိုလူစုံပြီး အားကောင်းနေတယ်လို့ ပြောနိုင်တယ်။
ဒီရာသီမှာ ပြည်တွင်းလိဂ်ကျဆင်းမှု၊ ယူရိုပါလိဂ်အမြင့်ပျံခရီးတွေမှာ ထပ်တူထပ်မျှနီးပါးတူညီနေတဲ့ ဒီနှစ်သင်းအနေနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)မှာ ပြိုင်ဘက်တွေကို အနိုင်ရခဲ့ပြီးနောက် နောက်ဆုံးကစားခဲ့တဲ့(၂)ပွဲမှာ ရှုံးပွဲကိုယ်စီတွေ့ထားကြတာလည်း တူညီနေတယ်။
ဒီရာသီမှာ ကံကြမ္မာတူလွန်းတဲ့အသင်း(၂)သင်း ယူရိုပါလိဂ်ဗိုလ်လုပွဲပြီးရင်တော့ ခြားနားတဲ့ရာသီကို ပိုင်ဆိုင်ရတော့မယ်။ တစ်သင်းက ပျော်မြူးပြီးတစ်သင်းက ငိုကြွေးရတော့မယ်။
ပြည်တွင်းမှာ စပါးက မန်ယူနိုက်တက်ကို (၃)ပွဲစလုံးအနိုင်ရခဲ့ပေမယ့် ယူရိုပါလိဂ်မှာတော့ တစ်ရာသီလုံးခြေစွမ်းကောင်းနေတဲ့ မန်ယူနိုက်တက်ကို စပါးနိုင်ဖို့ လွယ်မှာမဟုတ်ဘူး။ (၂)သင်းနှိုင်းယှဉ်ရင် ဆွန်ဟောင်မင်၊ ဆိုလန်ကီ၊ ဂျွန်ဆင်တို့ရဲ့ စပါးတိုက်စစ်ထက် ဖာနန်ဒက်စ်ရဲ့အကွက်မြင်မြင်ထိုးဖောက်မှုတွေနဲ့ ကစားမယ့် ဂါနာချို၊ ဟွိုက်လန်း၊ ဒေါ်ဂူတို့ရဲ့တိုက်စစ်ကို ပိုအားရတယ်။ ကွင်းလယ်မှာလည်း ဘစ်ဆူးမား၊ ဘန်တာကာတို့ထက် ကက်စမဲရိုး၊ အူဂါတေးအတွဲကို ပိုကြိုက်မိတယ်။ နောက်တန်းကတော့ အရည်အသွေးချင်းသိပ်မကွာဘူးလို့ ဆိုရမှာဖြစ်တယ်။ ဒါကြောင့် ဒီဗိုလ်လုပွဲမှာတော့ မန်ယူနိုက်တက်ကို စပါးထက်ပိုယုံကြည်ချင်မိတယ်။ မန်ယူနိုက်တက်အနိုင်(၁-၀)(၂-၁)လို ရလဒ်တွေကို ရွေးချယ်ချင်တယ်။