ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ
ကိုမို - အင်တာမီလန်
(စီးရီးအေ)
(24 May 2025/ 1:15 am)
ဖာဘရီဂတ်စ်ကိုင်တွယ်နေတဲ့ကိုမိုအသင်းက ရာသီအဆုံးသတ်ပိုင်းရောက်မှ ရလဒ်ကောင်းတွေ ဆက်တိုက်ယူနေပြီး နောက်ဆုံးကစားခဲ့တဲ့ (၇)ပွဲမှာ (၆)ပွဲနိုင်(၁)ပွဲသရေကစားခဲ့တယ်။
အစက တန်းဆင်းအန္တရာယ်အတွက် စိုးရိမ်ခဲ့ရပေမယ့် နောက်ဆုံး(၇)ပွဲမှာ ရမှတ်(၁၉)မှတ်အထိရယူခဲ့ပြီးနောက် ကိုမိုရဲ့အခြေအနေက အေးအေးဆေးဆေးဖြစ်သွားပြီလို့ ပြောလို့ရတယ်။ ရမှတ်(၄၉)မှတ်နဲ့ အဆင့်(၁၀)နေရာမှာ ဟိုမရောက်ဒီမရောက်ရပ်တည်နေတယ်။ နောက်ဆုံးကစားခဲ့တဲ့ဗီရိုနာနဲ့ပွဲမှာလည်း သေသေချာချာညစ်ကစားရင် အနိုင်ရနိုင်တဲ့အနေအထားရှိပေမယ့် သာသာယာယာပဲကစားပြီး သရေရလဒ်ပဲ ရယူခဲ့တာကိုတွေ့ရတယ်။
အင်တာမီလန်ကတော့ ဒီရာသီမှာ ချန်ပီယံမဖြစ်ရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘဲ ဘယ်သူမပြုမိမိမှုလို့ပဲ သတ်မှတ်ရမယ်။ ဘိုလော့နာ၊ ရိုးမားအသင်းတို့နဲ့ပွဲမှာ အမှတ်တွေ ဘလိုင်းကြီးဆုံးရှုံးခဲ့ရတယ်။ ဒါထက် ပိုစိတ်ပျက်ဖို့ကောင်းတာက ပြီးခဲ့တဲ့တစ်ပတ်က လာဇီယိုကို သရေကျခဲ့တာဖြစ်တယ်။ နာပိုလီက ပါးမားနဲ့ ဂိုးမရှိသရေကျချိန်မှာ အင်တာမီလန်က လာဇီယိုကိုအနိုင်မကစားနိုင်ခဲ့တာဖြစ်တယ်။ ပွဲပြီးခါနီး ပက်ဒရိုရဲ့ပယ်နယ်တီအတွက် ဒိုင်ကို အပြစ်ဖို့မယ်ဆိုရင်တောင် အစောပိုင်းကတည်းက သေချာတဲ့နိုင်ပွဲမဖန်တီးနိုင်တာ အင်တာမီလန်အတွက် ချန်ပီယံဆုနဲ့ လွဲချော်စေမယ့် အခြေခံအကြောင်းတရားဖြစ်တယ်။
အင်တာမီလန်နဲ့ကိုမို ပထမအကျော့တွေ့တုန်းက အင်တာမီလန်က အိမ်ကွင်းမှာ (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ တကယ်တော့ ကိုမိုက အင်တာမီလန်အတွက် စိုးရိမ်စရာပြိုင်ဘက်မျိုးမဟုတ်ဘဲ အရင်ကတည်းက အိမ်ကွင်း/အဝေးကွင်း အင်တာမီလန်က ပြတ်ပြတ်သားသားအနိုင်ရခဲ့တယ်။ လက်ရှိမှာလည်း အင်တာမီလန်မှာ နောက်ခံလူပါဗာတစ်ယောက်လောက်ပဲ ဒဏ်ရာရနေပြီး ကိုမိုမှာတော့ ဒဏ်ရာရ/ပွဲပယ်ကြောင့် အဓိကကစားသမား(၄၊ ၅)ဦးလောက်ကို အနားပေးထားရတယ်။ အင်တာမီလန်မှာ လော်တာရိုမာတီနက်ဇ်လည်း ပြန်ကစားနေနိုင်ပြီး လူစုံတက်စုံရှိနေတဲ့အနေအထားပါ။
အင်တာမီလန်နဲ့ ကိုမို ခြေစွမ်း၊ အဆင့်အတန်းချင်းကွာခြားသလို လက်ရှိအခြေအနေအရလည်း ကြိုးစားအားထုတ်ပုံချင်း ကွာခြားဦးမှာပါ။ ကိုမိုနဲ့ ရင်ဆိုင်တဲ့ပွဲတွေမှာ အမြဲလိုလို အနိုင်ရတဲ့ အင်တာမီလန်ကိုပဲ ဒီအချိန်မှာ ရွေးရမှာပါ။ အင်တာမီလန်အနည်းဆုံး(၂)ဂိုးပြတ်လောက် အနိုင်ရနိုင်ပါတယ်။ (၂-၀)(၃-၁)လို ရလဒ်တွေကို အကြိုက်တွေ့မိတယ်။
နာပိုလီ - ကာဂလီယာရီ
(စီးရီးအေ)
(24 May 2025/ 1:15 am)
နာပိုလီက ဒီရာသီအင်တာမီလန်ရဲ့အမှားတွေ၊ လွဲချော်ချက်တွေကို အခွင့်အရေးကောင်းကောင်းယူနိုင်ခဲ့သလို သူတို့လွဲမှားချိန်မှာ အင်တာမီလန်က အခွင့်အရေးမယူနိုင်ခဲ့တာကြောင့် ချန်ပီယံဆုနဲ့ လက်တစ်ကမ်းကို ရောက်လာခဲ့တာဖြစ်တယ်။ နောက်ဆုံးပွဲမှာ အိမ်ကွင်းကစားရမယ့်အပြင် ကာဂလီယာရီနဲ့ ကစားရမှာကလည်း နာပိုလီအတွက် ကံဇာတ်ဆရာက မျက်နှာသာပေးတာလို့ဆိုရမယ်။
ကာဂလီယာရီက နာပိုလီအတွက် ငယ်နိုင်အသင်းလိုဖြစ်နေပြီး ဒီနှစ်သင်းအကြား ထိပ်တိုက်တွေ့ဆုံမှုရလဒ်တွေက ခြားနားလွန်းတယ်။ သမိုင်းတစ်လျှောက် (၃၇)ပွဲဆုံတွေ့ရာမှာ နာပိုလီက ပွဲ(၂၀)အထိနိုင်ထားပေမယ့် ကာဂလီယာရီက (၄)ပွဲပဲနိုင်တယ်။
ပထမအကျော့တွေ့ဆုံမှုမှာလည်း ကာဂလီယာရီအိမ်ကွင်းမှာ ကစားတာဖြစ်ပါလျက်နဲ့ နာပိုလီက (၄-၀)ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ယူခဲ့တယ်။ ကာဂလီယာရီက တန်းဆင်းဇုန်နဲ့လွတ်ကင်းတဲ့နေရာဖြစ်တဲ့ အဆင့်(၁၄)ကို ရောက်နေပြီး ထွေထွေထူးထူးကြိုးစားအားထုတ်စရာလည်း ဘာမှမရှိတော့ဘူး။
နာပိုလီမှာ ဒဏ်ရာကြောင့်နားနေရတဲ့ လိုဘော့ကာ၊ ဘူအွန်ဂျီအော်နိုတို့ ဒဏ်ရာပြန်သက်သာလာတာကြောင့် ဒီပွဲအရန်စာရင်းမှာ ပြန်ပါလာနိုင်ပြီး အခြားဒဏ်ရာရ/ပွဲပယ်ကစားသမားမရှိဘူး။ ကာဂလီယာရီမှာတော့ တိုက်စစ်မှူးလူဗမ်ဘိုနဲ့ တောင်ပံကစားသမားကိုးမန်းတို့ကို အနားပေးထားရတယ်။
နောက်ဆုံးစီးရီးအေ(၂)ပွဲမှာ သရေကျပြီး ရမှတ်လျော့ခဲ့ရတဲ့ပုံစံမျိုးကို ဒီပွဲမှာ နာပိုလီအဖြစ်ခံတော့မှာမဟုတ်ပါဘူး။ လူကာကူ၊ ရက်စ်ပါဒိုနီ၊ တွမ်မီနေးအစရှိတဲ့ကစားသမားတွေ ချန်ပီယံဆုရယူဖို့အတွက် ဒီပွဲမှာ နိုင်ပွဲသေချာစေမယ့်ဂိုးတွေ စောစောစီးစီးသွင်းမှာ သေချာပါတယ်။ ပထမအကျော့ကလောက် ဂိုးမပြတ်ရင်တောင် နာပိုလီ ဒီပွဲကို ပြတ်ပြတ်သားသားအနိုင်ယူမှာပါ။ (၂-၀)(၃-၀)(၄-၁)လို ပြတ်သားတဲ့ရလဒ်မျိုးနဲ့ နာပိုလီအိမ်ကွင်းမှာ စီးရီးအေချန်ပီယံအဖြစ် အောင်ပွဲခံမယ့်ပွဲပါ။