ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ
ချန်ပီယံလိဂ်ဗိုလ်လုပွဲ
PSG - အင်တာမီလန်
(1 June 2025/ 1:30 am)
ဒီနှစ်သင်းအနေနဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုကိုရယူဖို့ အပြိုင်တိုက်ပွဲဝင်ရမှာဖြစ်ပေမယ့် အနေအထားချင်းကတော့ ကွာခြားတယ်။ ဒီရာသီမှာ ပြင်သစ်အမှတ်ပေးဖလား၊ ပြင်သစ်လိဂ်ဖလား၊ ပြင်သစ်ဖလားတွေ ဆွတ်ခူးထားတဲ့ PSG က အသင်းသမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မရဖူးသေးတဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုနဲ့အတူ ဖလား(၄)လုံးချန်ပီယံအဖြစ် သမိုင်းသစ်ရေးထိုးနိုင်မှာဖြစ်တယ်။
စီးရီးအေမှာ ဒုတိယ၊ ကိုပါအီတာလီယာမှာဆီမီးဖိုင်နယ်၊ အီတလီစူပါဖလားမှာ ဒုတိယသာရခဲ့တဲ့အင်တာမီလန်ကတော့ ဖလားလက်မဲ့ရာသီမဖြစ်ဖို့ ဒီဖလားကို လိုအပ်နေတယ်။
PSG နဲ့ အင်တာမီလန်က ပြိုင်ပွဲတွေမှာ မတွေ့ဖူးဘဲ ခြေစမ်းပွဲအဆင့်မှာသာ တွေ့ခဲ့ဖူးပြီး PSG က (၃)ပွဲနိုင်၊ အင်တာမီလန်က (၂)ပွဲနိုင်ခဲ့တယ်။ နောက်ဆုံးတွေ့ခဲ့တာက ၂၀၂၃ ခုနှစ်အတွင်း တိုကျိုခြေစမ်းပွဲမှာဖြစ်ပြီး အင်တာမီလန်က (၂-၁)ဂိုးနဲ့နိုင်ခဲ့တယ်။
PSG က ပြီးခဲ့တဲ့အဆင့်တွေမှာ လီဗာပူးလ်၊ ဗီလာ၊ အာဆင်နယ်အစရှိတဲ့ အင်္ဂလန်အသင်းတွေကို ကျော်ဖြတ်ခဲ့ပြီး အင်တာမီလန်ကတော့ ဖီယင်နု၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာအစရှိတဲ့အသင်းတွေကို ကျော်ဖြတ်ခဲ့တယ်။
PSG အသင်းမှာ ဘာပေမရှိတော့မှ ဒမ်ဘီလီ၊ ဘာကိုလာ၊ ဂွန်ဆာလိုရာမို့စ်၊ ဒူယီအစရှိတဲ့ တိုက်စစ်ကစားသမားတွေရဲ့ခြေစွမ်းက ပိုမိုပေါ်လွင်လာခဲ့ပြီး ဒီရာသီအသင်းရဲ့အောင်ပွဲတွေအတွက် သူတို့တွေရဲ့သွင်းဂိုးတွေက အဓိကကျခဲ့တယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာ PSG အသင်းသွင်းယူထားတဲ့(၁၄၇)ဂိုးက ဘာပေရှိခဲ့တဲ့နောက်ဆုံး(၆)ရာသီမှာ သွင်းခဲ့တဲ့ဂိုးအရေအတွက်ထက် သိသိသာသာပိုများနေတယ်။
အင်တာမီလန်က ဒီရာသီရှေ့ပိုင်းပွဲတွေမှာ Clean Sheet ပွဲတွေများစွာရယူခဲ့ပြီး ခံစစ်မှတ်တမ်းအကောင်းဆုံးအသင်းဖြစ်ခဲ့ပေမယ့် ရာသီအဆုံးသတ်ပိုင်းမှာတော့ ပေးဂိုးတွေများလာပြီး အသင်းရဲ့ရလဒ်ပိုင်းက ယိုင်လာသလို ဖလားတွေ တစ်ခုပြီးတစ်ခုလွဲခဲ့ရတယ်။ ချန်ပီယံလိဂ်မှာလည်း ညာတောင်ပံကစားသမား ဒမ်ဖရီးစ်ရဲ့ခြေစွမ်းပြမှုတွေနဲ့ ကံတရားရဲ့ဖေးမမှုတွေကြောင့် ဗိုလ်လုပွဲကိုတက်လာတာဖြစ်ပြီး ရှေ့အဆင့်တွေမှာ ဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေမှာ ရှိခဲ့တယ်။
PSG မှာ အနားပေးထားရသူက ကင်ပမ်ဘီတစ်ဦးတည်းရှိပြီး အင်တာမီလန်မှာ ကာဘိုနီကိုအနားပေးထားရသလို ပါဗာ၊ ဇီလင်စကီး၊ ဘစ်ဆက်ခ်တို့က ဒီပွဲမသေချာဘူး။ နှစ်သင်းစလုံးအတွက်တော့ ဒဏ်ရာစာရင်းက သိပ်အရေးမကြီးဘဲ အကောင်းဆုံးလူစာရင်းတွေနဲ့ပွဲထွက်လာဖို့ လုံလောက်တဲ့အင်အားရှိပါတယ်။
ရာသီအဆုံးသတ်ပိုင်းမှာ PSG ရော၊ အင်တာမီလန်ပါ ရလဒ်ကောင်းတွေပြန်ယူနေပြီး ပွဲအများစုကို အနိုင်ကစားနိုင်တာတွေ့ရတယ်။ ဒါပေမယ့် အင်တာမီလန်ထက်စာရင် PSG က ပိုမိုတည်ငြိမ်တဲ့ခြေစွမ်းကိုပြနေသလို တိုက်စစ်မှူးတွေကလည်း မိမိတာဝန်မိမိကျေပွန်စွာ ဂိုးတွေသွင်းနိုင်တာတွေ့ရတယ်။
အင်တာမီလန်ကတော့ ဂိုးရဖို့ ကွင်းလယ်တောင်ပံကစားသမားတွေ၊ နောက်ခံလူတွေကို အားကိုးနေရတုန်းပဲ။ အဓိကတိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်က ရာသီအဆုံးသတ်ပိုင်းမှာ ဒဏ်ရာကြောင့် ပွဲအတော်များများကိုလွဲနေတော့ ကျန်ကစားသမားတွေရဲ့ဂိုးတွေနဲ့ အင်တာမီလန်အသက်ဆက်နေရတာဖြစ်တယ်။
ဒီနှစ်သင်းနှိုင်းယှဉ်ရင် သမိုင်းကြောင်းနဲ့ အတွေ့အကြုံပိုင်းမှာ အင်တာမီလန်ကသာပေမယ့် လက်ရှိပစ္စုပ္ပန်အနေအထားအရ ခြေစွမ်းတည်ငြိမ်မှုရှိပြီး ခံစစ်တိုက်စစ် Balance ညီနေတာက PSG အသင်းဖြစ်တယ်။ ၁၉၉၃ ခုနှစ်နောက်ပိုင်း ပြင်သစ်ကလပ်တွေချန်ပီယံလိဂ်အောင်ပွဲနဲ့ ဝေးနေတာကို ဒီရာသီမှာတော့ အဆုံးသတ်သင့်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ခြေစွမ်းချင်းသိပ်မကွာတာကြောင့် PSG အပြတ်အသတ်နိုင်တာမျိုးထက် (၁-၀)(၂-၁)လို ကျဉ်းမြောင်းတဲ့အနိုင်ရလဒ်နဲ့ ချန်ပီယံဆုရယူသွားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။