ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်)
အယ်လ်အာလီ - အင်တာမိုင်ယာမီ
(15 June 2025/ 6:30 am)
အယ်လ်အာလီအသင်းက ပြီးခဲ့တဲ့ရာသီအီဂျစ်အမှတ်ပေးချန်ပီယံအသင်းဖြစ်ပြီး ဒီပြိုင်ပွဲကို ၂၀၂၀-၂၁ အာဖရိကချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်ခွင့်ရခဲ့တာဖြစ်တယ်။ အသင်းကို အီဂျစ်ကစားသမားအများစုနဲ့သာ တည်ဆောက်ထားတာဖြစ်ပြီး ဥရောပကစားသမားဆိုလို့ ဆလိုဗေးနီးယားတိုက်စစ်မှူးဂရာဒီဆာတစ်ဦးပဲပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ အီဂျစ်အမှတ်ပေးချန်ပီယံဆုနဲ့ အီဂျစ်စူပါဖလားတွေသာရခဲ့ပြီး တိုက်ကြီးများအဆင့်ပြိုင်ပွဲတွေမှာတော့ ချန်ပီယံဆုနဲ့လွဲခဲ့ရတယ်။ အီဂျစ်လိဂ်က ဘယ်လ်ဂျီယံလိဂ်လိုပဲ (၂)ဆင့်ကစားပြီး အယ်လ်အာလီအသင်းအနေနဲ့ (၂)ဆင့်စလုံး ရှုံးပွဲမရှိအောင်ကစားပြီး ဗိုလ်စွဲခဲ့တာဖြစ်တယ်။ အထူးသဖြင့် ရာသီအဆုံးသတ်ပိုင်းမှာ ပွဲတိုင်းကို အနိုင်ကစားပြီး ခြေစွမ်းထက်နေတဲ့ အယ်လ်အာလီအသင်းကို အင်တာမိုင်ယာမီ သတိထားရမယ်။
အင်တာမိုင်ယာမီအသင်းက အိမ်ရှင်အသင်းပီပီ အိမ်ရှင်ပရိသတ်အားနဲ့ အဖွင့်ကောင်းအောင်ကြိုးစားမှာ သံသယဖြစ်စရာမရှိဘူး။ မက်ဆီအပါအဝင် အာဂျင်တီးနားကစားသမား(၉)ဦးအထိပါဝင်မယ့် အင်တာမိုင်ယာမီအသင်းက ကစားသမားအဆင့်အတန်းချင်းယှဉ်ရင် အီဂျစ်ချန်ပီယံအသင်းထက်အများကြီးသာပါတယ်။
ဒါပေမယ့် ဒီရာသီမှာ ရာသီအစပိုင်းကောင်းသလောက် ရာသီလယ်မှာ ရှုံးပွဲတွေရှိလာတဲ့ အင်တာမိုင်ယာမီအသင်းအနေနဲ့ အယ်လ်အာလီကို အဖွင့်ပွဲမှာ လျှော့တွက်လို့မရတာအမှန်ပါပဲ။ အိမ်ရှင်အသင်းအနိုင်ရွေးချယ်ပေမယ့် ဂိုးတော့အများကြီးပြတ်မယ်မထင်ဘူး။ (၂-၁)(၃-၂)လို ဂိုးများများရလဒ်တွေ ကြိုက်မိတယ်။
ဘိုင်ယန်မြူးနစ် - အော်ကလန်စီးတီး
(15 June 2025/ 10:30 pm)
ဥရောပအသင်းကြီးဘိုင်ယန်မြူးနစ်နဲ့ သမုဒ္ဒရာပိုင်းဇုန်ကိုယ်စားပြုအော်ကလန်အသင်းအကြား အဆင့်ချင်းအများကြီးကွာခြားပါတယ်။ ဟာရီကိန်း၊ ဆာနေး၊ ကင်မစ်ချ်၊ မူဆီယာလာ၊ ကိုးမန်း၊ နာဘရီ၊ မူလာ၊ အိုလီဆေအစရှိတဲ့ ဥရောပထိပ်တန်းကစားသမားအစုံအလင်ပါဝင်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို နယူးဇီလန်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတဲ့ အော်ကလန်အသင်း ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။
အော်ကလန်အသင်းက သမုဒ္ဒရာပိုင်းဇုန်မှာ Ranking အမြင့်ဆုံးအသင်းအဖြစ် ဒီပြိုင်ပွဲမှာ ပြိုင်ခွင့်ရခဲ့ပေမယ့် ဒီရာသီ သူတို့ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာတောင် ရှုံးပွဲတွေနဲ့အတူ ရုန်းကန်နေရပြီး တတိယနေရာရောက်နေတယ်။ အသင်းမှာ နိုင်ငံခြားသားကစားသမားအဖြစ်(၅)ဦးခေါ်ယူထားပမယ့် ဒီကစားသမားတွေက ထိပ်တန်းအဆင့်မဟုတ်ဘဲ မထင်မရှားတွေပါပဲ။
ဘိုင်ယန်မြူးနစ်အသင်းအတွက် ခက်ခဲမှုမရှိနိုင်တဲ့အုပ်စုအဖွင့်ပွဲပါ။ ဟာရီကိန်းတို့အုပ်စု တိုက်စစ်ခြေစွမ်းပြပြီး ဂိုးများများသွင်းမယ့်ပွဲလို့ ထင်နေမိတယ်။ (၃-၀)(၄-၀)လို ဂိုးပြတ်ရလဒ်တွေနဲ့ ဘိုင်ယန်အဖွင့်လှမယ်လို့ ယူဆမိပါတယ်။