မန်စီးတီး - ဘရိုက်တန်
(15 March 2025/ 9:30 pm)
မန်စီးတီးနဲ့ ဘရိုက်တန်ကြားရမှတ်(၁)မှတ်ပဲ ကွာဟပြီး မန်စီးတီးက ရမှတ်(၄၇)မှတ်နဲ့ အဆင့်(၅)၊ ဘရိုက်တန်က ရမှတ်(၄၆)မှတ်နဲ့ အဆင့်(၇)နေရာတွေမှာ ရပ်တည်နေကြတယ်။ အဆင့်(၆)နယူးကာဆယ်က လိဂ်ဖလားဗိုလ်လုပွဲကစားမှာကြောင့် ဒီပွဲနိုင်ရင် ဘရိုက်တန်က အဆင့်(၅)ကို တက်ဖို့ မျှော်လင့်နိုင်တယ်။
သမိုင်းတစ်လျှောက်တွေ့ဆုံမှုမှာ မန်စီးတီးက (၂၁)ပွဲနိုင်ပြီး ဘရိုက်တန်က (၇)ပွဲပဲနိုင်ကာ (၅)ပွဲသရေကျခဲ့တာကြောင့် မန်စီးတီးက ဘရိုက်တန်ကို (၃)ဆလောက်အသာရတယ်လို့ ယေဘုယျတွက်ချက်နိုင်ပေမယ့် ဒီရာသီပထမအကျော့တွေ့ဆုံမှုမှာ မန်စီးတီးက ဘရိုက်တန်ကွင်းမှာ (၁-၂)ဂိုးနဲ့ အရှုံးပေးခဲ့ရတယ်။
မန်စီးတီးက ၂၀၂၅ ခုနှစ်ထဲမှာ ရလဒ်တွေပြန်ကောင်းတော့မလိုနဲ့ ဖေဖော်ဝါရီ၊ မတ်လထဲ ပရီးမီးယားလိဂ်ရလဒ်တွေက နိုင်တစ်ခါ၊ ရှုံးတစ်လှည့်ဖြစ်နေတယ်။ ဒီ(၂)လအတွင်း ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက်နိုင်တာကို မရှိဘူး။ အသင်းကောင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတာကြောင့်လည်းပါတယ်။ အာဆင်နယ်၊ လီဗာပူးလ်၊ ဖောရက်စ်တို့ကို ရှုံးခဲ့ပြီး နယူးကာဆယ်နဲ့ စပါးကို အနိုင်ရခဲ့တယ်။
ဘရိုက်တန်ကတော့ လက်ရှိမှာ ပြိုင်ပွဲစုံမှာရော၊ ပရီးမီးယားလိဂ်မှာပါ ရလဒ်တွေအတော်ကောင်းနေတယ်။ ဖောရက်စ်ကို (၀-၇)ဂိုးနဲ့ ရှုံးပြီးနောက်ပိုင်း ဘရိုက်တန်ကစားသမားတွေက ဒီရှုံးပွဲအတွက် ပြန်ပေးဆပ်နေသလားထင်ရလောက်အောင် ပွဲတိုင်းကို အနိုင်ကစားပေးနေတယ်။ ဒီအထဲမှာ ချယ်လ်ဆီး၊ဘုန်းမောက်၊ နယူးကာဆယ်၊ ဖူလ်ဟမ်လို ကစားရခက်ခဲတဲ့အသင်းတွေပါနေတယ်။
လတ်တလော နှစ်သင်းစလုံးမှာ ဒဏ်ရရသူတွေရှိနေကြပေမယ့် အသင်းကိုတော့ မထိခိုက်နိုင်လောက်ဘူး။ အရင်က ဒီနှစ်သင်း မန်စီးတီးကွင်းအတွင်းတွေ့ဆုံမှု(၈)ကြိမ်မှာ ဘရိုက်တန်အသင်းက တစ်ကြိမ်မှ မနိုင်ခဲ့ပေမယ့် လက်ရှိအခြေအနေအရတော့ ဘရိုက်တန်က မန်စီးတီးကို ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်းရှိနေတယ်။
မန်စီးတီးဆီက ဘရိုက်တန် အနိမ့်ဆုံးသရေတစ်မှတ်တော့ ရအောင်ယူနိုင်မယ်လို့ ထင်နေတယ်။ (၁-၁)(၂-၂)လို ရလဒ်တွေကို တွေ့ရဖို့များမယ်။
ဘုန်းမောက် - ဘရန့်ဖို့ဒ်
(16 March 2025/ 00:00 am)
ဘုန်းမောက်က ရမှတ်(၄၄)မှတ်နဲ့ အဆင့်(၉)မှာ ရပ်တည်နေပြီး ဘရန့်ဖို့ဒ်က ရမှတ်(၃၈)မှတ်နဲ့ အဆင့်(၁၂)မှာ ရပ်တည်နေတယ်။ ဒီနှစ်သင်း ပထမအကျော့တွေ့ဆုံမှုတုန်းက အကြိတ်အနယ်ရှိခဲ့ပြီး ဧည့်သည်အသင်းရဲ့ ဦးဆောင်ဂိုးတွေကို အိမ်ရှင်ဘရန့်ဖို့ဒ်က ချေပရုံမက အနိုင်ဂိုးပါသွင်းပြီး (၃-၂)နဲ့ အနိုင်ရခဲ့တယ်။
လတ်တလောမှာ နှစ်သင်းစလုံးရဲ့ခြေစွမ်းက စိတ်မချစရာအနေအထားပဲ။ ဘုန်းမောက်က နောက်ဆုံး(၄)ပွဲမှာ ပုံမှန်ပွဲချိန်အတွင်းနိုင်ပွဲမရသလို၊ ဘရန့်ဖို့ဒ်ကလည်း နောက်ဆုံးနှစ်ပွဲမှာ အိမ်ကွင်းမှာ ကစားရပါလျက်နဲ့ အဲဗာတန်ကိုသရေ၊ ဗီလာကို ရှုံးထားတယ်။
ကစားသမားတွေ လူစုံမစုံကြည့်မယ်ဆိုရင် ဘုန်းမောက်က ဒဏ်ရာရသူအနည်းအကျဉ်းလောက်သာရှိပြီး ဘရန့်ဖို့ဒ်က ကစားသမား(၈)ယောက်လောက်အထိ အနားပေးထားရတယ်။ ခြေမမှန်တာချင်းတူပေမယ့် အိမ်ကွင်း/အဝေးကွင်း Current Form ချင်းယှဉ်ရင် ဘရန့်ဖို့ဒ်က ဘုန်းမောက်ထက် အများကြီးအသာရနေပြန်တယ်။
ဘုန်းမောက်က နောက်ဆုံးပရီးမီးယားလိဂ်အိမ်ကွင်း(၂)ပွဲဆက်တိုက် ရှုံးထားပေမယ့် ဘရန့်ဖို့ဒ်က ဒီ ၂၀၂၅ ခုနှစ်အတွင်းမှာ အဝေးကွင်းပွဲတိုင်းကို အနိုင်ကစားထားတယ်။ ဒီအဝေးကွင်း(၄)ပွဲမှာ (၁)ဂိုးပဲပေးခဲ့ရတယ်။ အရင်က အဝေးကွင်းညံ့တဲ့ ဘရန့်ဖို့ဒ်က အခုတော့ ပြောင်းပြန်ဖြစ်နေတယ်လို့ ပြောရမယ်။
ဒါကြောင့် ဒီ Current Form ကို အခြေခံရွေးချယ်မယ်ဆိုရင် ဘရန့်ဖိုဒ်ကို ရွေးချယ်လို့တော့ရတယ်ဆိုပေမယ့် ခြေစွမ်းမကွာတဲ့(၂)သင်း သရေကျမယ်လို့ ထင်နေတယ်။ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်(၃)ပွဲဆက်မရှုံးအောင် ဘုန်းမောက် ရုန်းကန်မယ်လို့ ယုံကြည်မိတာလည်းပါတယ်။ (၁-၁)လို ရလဒ်မျိုးပဲ ကြိုက်မိပါတယ်။
Discussion