ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်)
ဖလူမင်နန်စီ - ဒေါ့မွန်
(17 June 2025/ 10:30 pm)
ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွဲမှာ ပါဝင်လာတာဖြစ်တယ်။ ဒေါ့မွန်ကတော့ UEFA ရဲ့နောက်ဆုံး(၄)နှစ်အဆင့်သတ်မှတ်ချက်မှာ အဆင့်(၃)နေရာနဲ့ ဝင်ခွင့်ရတာဖြစ်တယ်။
အေစီမီလန်၊ PSG နဲ့ ချယ်လ်ဆီးနောက်ခံလူဟောင်း သီယာဂိုဆေးလ်ဗားအသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားနေတဲ့ ဖလူမင်နန်စီအသင်းက ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ နိုင်လိုက်ရှုံးလိုက်နဲ့ အဆင့်(၆)နေရာကို ရောက်နေတယ်။
ဒါပေမယ့် ဒီနောက်ပိုင်းကစားထားတဲ့ပြိုင်ပွဲစုံမှာတော့ ဖလူမင်နန်စီက (၆)ပွဲဆက်တိုက်မရှုံးအောင်ကစားထားနိုင်ပြီး နောက်တန်းကလည်း ဂိုးပေးနည်းလာတာကိုတွေ့ရတယ်။ ဒီပြိုင်ပွဲမတိုင်မီ ခြေစွမ်းက အတက်ဖက်ကို ပြန်ရောက်လာတဲ့သဘောပဲ။
ဒေါ့မွန်ကလည်း နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁)ပွဲနဲ့ ဘွန်ဒစ်လီဂါ(၅)ပွဲမှာ ဆက်တိုက်နိုင်ပွဲရအောင်ကစားခဲ့ပြီး ဂီရာဆေ၊ ဘရန့်၊ အဒီယီမီအစရှိတဲ့ကစားသမားတွေကလည်း ဂိုးမြူးတာကိုတွေ့ရတယ်။
ခံစစ်ကျစ်လစ်မှုနဲ့ ရလဒ်ကောင်းတွေပြန်ယူနေတဲ့အသင်းနဲ့ တိုက်စစ်အားကိုးနဲ့ ရလဒ်ကောင်းတွေပြန်ရခဲ့တဲ့အသင်းတို့ ရင်ဆိုင်ကြမယ့်ပွဲဖြစ်တယ်။ သီယာဂိုဆေးလ်ဗား၊ ဖရေတက်စ်တို့ရဲ့ဘရာဇီးလ်ခံစစ်ထက် ဂီရာဆေ၊ ဘရန့်တို့ရဲ့ဘွန်ဒစ်လီဂါတိုက်စစ်ကို ပိုယုံကြည်လို့ ဒေါ့မွန်ကိုပဲ ရွေးချယ်ချင်တယ်။ ဒေါ့မွန်အနိုင်(၂-၀)လို ရလဒ်မျိုးကို ကြိုက်မိတယ်။
မွန်တာရေး - အင်တာမီလန်
(18 June 2025/ 7:30 am)
မွန်တာရေးက ၂၀၂၁ ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်ချန်ပီယံအသင်းအဖြစ် ဝင်ခွင့်ရတာဖြစ်ပြီး အင်တာမီလန်ကတော့ UEFA ရဲ့နောက်ဆုံး(၄)နှစ်အဆင့်သတ်မှတ်ချက်မှာ အဆင့်(၄)နေရာနဲ့ ဝင်ခွင့်ရတာဖြစ်တယ်။
စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ် အသင်းခေါင်းဆောင်အဖြစ် ကစားနေတဲ့ မွန်တာရေးအသင်းက မက္ကဆီကိုလိဂ်မှာ တစ်ပွဲနိုင်လိုက် တစ်ပွဲရှုံးလိုက်ဖြစ်နေပြီး နောက်ဆုံး(၁၀)ပွဲမှာ (၄)ပွဲရှုံးထားတယ်။ ရာမို့စ်ကစားနေတယ်ဆိုပေမယ့် အသင်းက ဒီနောက်ပိုင်းပွဲတွေမှာ ပေးဂိုးများနေပြီး နောက်ဆုံး(၄)ပွဲမှာ ပြိုင်ဘက်ကို(၂)ဂိုးပေးရတာ(၃)ပွဲအထိ ရှိခဲ့တယ်။
အင်တာမီလန်ကတော့ ချန်ပီယံလိဂ်မှာ PSG အသင်းကို (၅)ဂိုးပြတ်ရှုံးခဲ့ရတဲ့ပွဲကို မေ့ထားလိုက်ရင် ရှေ့ကပွဲတွေမှာ ရလဒ်တွေသိပ်မဆိုးခဲ့တာကိုတွေ့ရတယ်။ တိုက်စစ်ကလည်း လော်တာရိုမာတီနက်ဇ် ဒဏ်ရာကြောင့် မကစားနိုင်တဲ့အခြေအနေမျိုးမှာတောင် တောင်ပံကစားသမားဒမ်ဖရိုင်းစ်အပါအဝင် ကျန်ကစားသမားတွေက ဂိုးရအောင်ယူပြီး (PSG နဲ့ပွဲမတိုင်ခင်)နောက်ဆုံး(၆)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာကို တွေ့ရတယ်။
မွန်တာရေးနဲ့ အင်တာမီလန်အသင်းကြားမှာ မူလကတည်းက အသင်းအရည်အသွေးကွာခြားချက်ရှိပါတယ်။ လက်ရှိမှာလည်း မွန်တာရေးက စိတ်ချရတဲ့အနေအထားမရှိတာကြောင့် အင်တာမီလန်ကိုပဲ သိပ်စဉ်းစားမနေဘဲ ရွေးချင်ပါတယ်။ အင်တာမီလန်အနိုင်(၂-၀)(၃-၁)လိုရလဒ်တွေကို ကြိုက်ပါတယ်။