ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်)
မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ
(18 June 2025/ 10:30 pm)
မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်းအဖြစ် ပါဝင်ခွင့်ရတာဖြစ်တယ်။ ဝီဒက်ကာဆာဘလန်ကာအသင်းက ၂၀၂၂ အာဖရိကချန်ပီယံလိဂ်ချန်ပီယံအသင်းအဖြစ် ဝင်ခွင့်ရတာဖြစ်တယ်။
မန်စီးတီးမှာ အသင်းကထွက်သွားတဲ့ ဒီဘရိုင်းနား၊ ချန်လှပ်ထားခဲ့တဲ့ဂရီးလစ်ရှ်တို့မပါဘဲ ကစားသမားသစ်တွေဖြစ်တဲ့ အစ်နူရီ၊ ရိုင်းဒါးစ်၊ ချာကီတို့ ဒီပြိုင်ပွဲမှာ ပွဲဦးထွက်အဖြစ် ကစားကြမယ်။ ဟာလန်း၊ မာမွတ်ရှ်၊ ဘာနာဒိုဆေးလ်ဗားအစရှိသူတို့နဲ့အတူ ဒီကစားသမားတွေကို 'ဒီပွဲမှာ ပွဲထွက်ကစားစေဖို့များပြီး ဒဏ်ရာက ပြန်လာတဲ့ရိုဒရီကိုလည်း မန်စီးတီးမှာ ပြန်တွေ့ရမယ်။
မော်ရိုကိုကလပ် ဝီဒက်အသင်းအနေနဲ့ ဒီနှစ်အတွင်းကစားခဲ့တဲ့ မော်ရိုကိုအမှတ်ပေးပြိုင်ပွဲမှာ ရှုံးပွဲလုံး၀မရှိဘဲ (၈)ပွဲနိုင်(၆)ပွဲသရေကစားခဲ့တယ်။ ဒါပေမယ့် ပထမရာသီဝက်က ရလဒ်ဆိုးတစ်ချို့ကြောင့် ရာသီကုန်မှာတော့ အဆင့်(၃)နဲ့ ကျေနပ်ခဲ့ရတယ်။
ဝီဒက်အနေနဲ့ သူအိုးနဲ့သူဆန် အသင်းကောင်းတစ်သင်းလို့ သတ်မှတ်လို့ရနိုင်ပေမယ့် ဥရောပထိပ်တန်းအသင်းတစ်သင်းရဲ့ခြေစွမ်းနဲ့ အာဖရိကကလပ်အသင်းတစ်သင်းရဲ့ခြေစွမ်းချင်း ကွာခြားပါတယ်။
ဂိုးသွင်းခြေပြလိုနေတဲ့ မန်စီးတီးကစားသမားသစ်ချာကီနဲ့ ကစားသမားဟောင်း ဟာလန်း၊မာမွတ်ရှ်တို့ရဲ့အပြိုင်ဂိုးသွင်းတဲ့ဒဏ်ကို ဝီဒက်ခံရဖို့များပါတယ်။ မန်စီးတီး(၃-၀)(၄-၁)လို ရလဒ်တွေကို တွေ့ရမယ်လို့ မျှော်လင့်မိတယ်။
ရီးရဲလ်မက်ဒရစ် - အယ်လ်ဟီလယ်
(19 June 2025/ 1:30 am)
ရီးရဲလ်မက်ဒရစ်အသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၂ ချန်ပီယံလိဂ်ချန်ပီယံအသင်းအဖြစ် ယှဉ်ပြိုင်ခွင့်ရခဲ့ပြိး အယ်လ်ဟီလယ်အသင်းက ၂၀၂၁ အာရှချန်ပီယံလိဂ်ချန်ပီယံအသင်းအဖြစ် ဝင်ပြိုင်ခွင့်ရခဲ့တယ်။
ဒီနှစ်သင်း ၂၀၂၂ ခုနှစ်တုန်းက ကစားခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ တွေ့ခဲ့ကြဖူးပြီး အဲဒီတုန်းက ရီးရဲလ်မက်ဒရစ်က ဗင်နီစီယပ်စ်၊ ဗယ်လ်ဗာဒီ၊ ဘန်ဇီမာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ (၅-၃)ရလဒ်နဲ့ အနိုင်ရခဲ့တယ်။
ဒီပြိုင်ပွဲမှာ ချန်ပီယံဆု(၅)ကြိမ်ယူပြီး အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီ လာလီဂါ၊ ချန်ပီယံလိဂ်ကျရှုံးမှုတွေကို အဖတ်ဆယ်ဖို့ ကြိုးစားရမှာဖြစ်သလို နည်းပြသစ်ဇာဘီအလွန်ဆိုရဲ့ကြိုးကိုင်မှုအောက်မှာ ကစားသမားတွေအနေနဲ့ ပုံမှန်နေရာတည်မြဲဖို့ နည်းပြသစ်အကြိုက် ကြိုးစားကစားရမယ့်ပြိုင်ပွဲဖြစ်တယ်။
အာနိုးလ်၊ ဟွိုက်ဆန်အစရှိတဲ့ နောက်တန်းကစားသမားသစ်တွေကို ထည့်သွင်းအသုံးပြုစမ်းသပ်တာကလွဲလို့ အရင်လို ၄-၃-၃ အခြေခံတဲ့အသင်းနဲ့ အရင်အထိုင်ကျပြီးသားလူစာရင်းနဲ့ပဲ ရီးရဲလ်ပွဲထွက်လာဖို့များတယ်။
မယ်လ်ကွန်၊ မီထရိုဗစ်၊ မီလန်ကိုဗစ်ဆာဗစ်၊ နေးဗက်စ်၊ ကန်ဆယ်လို၊ ကူလီဘာလီအစရှိတဲ့ အတွေ့အကြုံရှိကစားသမားတွေအများကြီးပါဝင်တဲ့ အယ်လ်ဟီလယ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပုံပျက်ပန်းပျက်မဖြစ်အောင် တုံ့ပြန်ကစားနိုင်မယ့်အရည်အသွေးတော့ရှိပါတယ်။
အယ်လ်ဟီလယ်က ဒီနောက်ပိုင်းပွဲတွေမှာ ဂိုးတွေမြူးနေသလို ဒီပွဲမှာလည်း ရီးရဲလ်ကို အပြန်အလှန်ဖွင့်ကစားမယ်လို့ ယူဆမိတယ်။ ဒီပွဲ ဂိုးများနိုင်ပြီး ရီးရဲလ်အနိုင် (၄-၂)(၃-၁)လို ရလဒ်တွေကို တွေ့ရမယ်ထင်တယ်။