ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ
(Round of 16)
ပါမီးရပ်စ် - ဘိုတာဖိုဂို
(28 June 2025/ 10:30 pm)
ဘရာဇီးလ်ကလပ်အသင်းနှစ်သင်းထိပ်တိုက်ဆုံတွေ့တဲ့ပွဲဖြစ်ပြီး လက်ရှိဘရာဇီးလ်လိဂ်ပြိုင်ပွဲမှာ ပါမီးရပ်စ်အသင်းက အဆင့်(၄)၊ ဘိုတာဖိုဂိုအသင်းက အဆင့်(၈)နေရာမှာ ရပ်တည်နေကြတယ်။
ပါမီးရပ်စ်က လက်ရှိရပ်တည်မှုမှာ အသာရသလို ဒီနှစ်သင်းတွေ့ဆုံမှုသမိုင်းတစ်လျှောက်မှာလည်း သိသိသာသာအသာရထားတယ်။ ထိပ်တိုက်တွေ့ဆုံမှု(၅၂)ပွဲမှာ ပါမီးရပ်စ်က(၂၃)ပွဲအနိုင်ရခဲ့ပြီး ဘိုတာဖိုဂိုက(၁၆)ပွဲအနိုင်ရခဲ့တယ်။
ဒါပေမယ့် ဒီနောက်ပိုင်း ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ ဘိုတာဖိုဂိုက ပိုအသာရပြီး နောက်ဆုံး(၅)ပွဲမှာ ပါမီးရပ်စ်ကို အရှုံးမရှိခဲ့ဘဲ (၃)ပွဲနိုင်(၂)ပွဲသရေကျခဲ့တယ်။ ဒီပြိုင်ပွဲမှာလည်း ပါမီးရပ်စ်ထက်စာရင် ဘိုတာဖိုဂိုက အုပ်စုဖြတ်သန်းမှုပိုခက်ခဲခဲ့ပြီး ဥရောပထိပ်တန်းအသင်းကြီး(၂)သင်းနဲ့ ရင်ဆိုင်ခဲ့ရတယ်။
လတ်တလော ခြေစွမ်းနဲ့တည်ငြိမ်မှုချင်းနှိုင်းယှဉ်ရင် ပါမီးရပ်စ်ထက်ဘိုတာဖိုဂိုက ပိုတည်တည်ငြိမ်ငြိမ်ရှိတယ်လို့ ပြောလို့ရတယ်။ ဒီပြိုင်ပွဲမတိုင်ခင် ပြည်တွင်းပွဲစဉ်တွေမှာရလဒ်ကောင်းတွေရခဲ့ပြီး အသင်းမှာလည်း ဒဏ်ရာရသူဆိုလို့ အန်ဂိုလာနောက်ခံလူ ဘတ်စ်တော့တစ်ယောက်လောက်ပဲရှိတယ်။
ပါမီးရပ်ကတော့ ဒီပြိုင်ပွဲမတိုင်ခင် ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရသလို လက်ရှိအသင်းမှာလည်း ဒဏ်ရာရနေသူက (၄)ဦးလောက်ရှိတယ်။ ဒီနှစ်သင်းသမိုင်းကြောင်းတစ်လျှောက်မှာ ပါမီးရပ်စ်က အသာရတယ်ဆိုပေမယ့် လတ်တလောခြေစွမ်းအရ PSG လိုအသင်းမျိုးကိုတောင် အနိုင်ကစားခဲ့တဲ့ ဘိုတာဖိုဂိုကို ပိုအကြိုက်တွေ့မိတယ်။ အကြောင်းသိ(၂)သင်းတွေ့တဲ့ပွဲဖြစ်လို့ အကြိတ်အနယ်ရှိနိုင်ပေမယ့် ဂိုးမပြတ်ဘဲ ဘိုတာဖိုဂိုအနိုင် (၂-၁)လိုရလဒ်မျိုး တွေ့ရမယ်လို့ ထင်နေတယ်။
ဘင်ဖီကာ - ချယ်လ်ဆီး
(29 June 2025/ 2:30 am)
ဒီနှစ်သင်းသမိုင်းတစ်လျှောက်(၃)ကြိမ်ရင်ဆိုင်ဖူးရာမှာ (၃)ကြိမ်စလုံး ချယ်လ်ဆီးကအနိုင်ရခဲ့ပြီး တစ်ဂိုးတည်းနဲ့ကပ်နိုင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဒီနောက်ပိုင်း ဒီနှစ်သင်းမတွေ့ဆုံဖြစ်တာ (၁၀)စုနှစ်တစ်ခုကျော်ရှိနေပြီဖြစ်တယ်။
ဘင်ဖီကာက အုပ်စုအဆင့်မှာ လေးစားလောက်စရာခြေစွမ်းကို ပြခဲ့ပြီး ဘိုကာဂျူနီယာကို နောက်ကနေ (၂)ဂိုးရှုံးနဲ့ လိုက်ကစားခဲ့ရပေမယ့် (၂-၂)ဂိုးသရေ၊ အော်ကလန်စီးတီးကို (၆-၀)ဂိုး၊ ဘိုင်ယန်မြူးနစ်ကို (၁-၀)ဂိုးရလဒ်တွေနဲ့ အနိုင်ရခဲ့တယ်။ ချယ်လ်ဆီးက အုပ်စုမှာ LAFC နဲ့ တူးနစ်ကို အနိုင်၊ ဖလာမင်ဂိုကို (၃-၁)ဂိုးနဲ့အနိုင်ကစားပြီး ဒီအဆင့်ကို တက်လာတာဖြစ်တယ်။
ဒီမာရီယာ၊ အော်တာမန်ဒီအစရှိတဲ့ဝါရင့်ကစားသမားတွေ မီးစာကုန်ခါနီးအစွမ်းကုန်ထတောက်နေတဲ့ ဘင်ဖီကာအသင်းက ဒီနောက်ပိုင်းပွဲတွေမှာ ခံစစ်စွမ်းရည်ပြနေပြီး သိသိသာသာဂိုးပေးနည်းနေတာကြောင့် ချယ်လ်ဆီးတိုက်စစ် အတိုင်းအတာတစ်ရပ်အထိ ရုန်းကန်ရနိုင်တယ်။
ချယ်လ်ဆီးမှာ တိုက်စစ်မှူးဂျက်ဆန်ကလည်း ပွဲပယ်ပြစ်ဒဏ်ကျခံနေရတယ်။ တခြားဒဏ်ရာရသူတော့ ထွေထွေထူးထူးမရှိဘူး။ ဘင်ဖီကာမှာ ဒဏ်ရာရသူ(၅)ဦးလောက်ရှိတယ်ဆိုပေမယ့် အရန်တွေများလို့ သိပ်ပြဿနာမဟုတ်ပါဘူး။ လတ်တလောမှာ ဒီနှစ်သင်း ခြေစွမ်းနဲ့ရလဒ်ပိုင်း ပိုတည်ငြိမ်မှုရှိတာက ဘင်ဖီကာဖြစ်တယ်။
နောက်ဆုံးကစားထားတဲ့(၁၆)ပွဲမှာ ဘင်ဖီကာက တစ်ပွဲပဲရှုံးထားပြီး နိုင်တဲ့ပွဲတွေမှာလည်း Clean Sheet နဲ့နိုင်တဲ့ပွဲတွေ များတယ်။ ချယ်လ်ဆီးကလည်းရာသီအလယ်မှာ ရုန်းကန်ခဲ့ရပေမယ့် ရာသီကုန်ပိုင်းမှာတော့ ရလဒ်တွေပြန်ထောင်တက်လာပြီး လီဗာပူးလ်၊ မန်ယူနိုက်တက်တို့ကို အနိုင်ရခဲ့ပါတယ်။
ဥရောပကလပ်အသင်း (၂)သင်းရဲ့ ပွဲဖြစ်သလို ခြေစွမ်းပိုင်းလည်းသိပ်ကြီးကြီးမားမား မကွာဟတာကြောင့် ဒီပွဲက ကွာခြားချက် များများစားစားမရှိနိုင်ပါဘူး။ အရင်ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲတွေလိုပဲ ပြတ်ပြတ်သားသားမဖြစ်ဘဲ ချယ်လ်ဆီး(၁-၀)(၂-၁)လို ကျဉ်းမြောင်းတဲ့ရလဒ်တွေနဲ့ပဲ အနိုင်ယူမယ်လို့ ခန့်မှန်းလိုက်ပါတယ်။
Comments ()