ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ
(Round of 16)

PSG - အင်တာမိုင်ယာမီ
(29 June 2025/ 10:30 pm)

ဒီနှစ်သင်း ပထမဆုံးရင်ဆိုင်တွေ့တာဖြစ်ပြီး အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီကတော့ အသင်းဟောင်းကို ပြန်ရင်ဆိုင်ရမယ်။ ဒီအသင်းက မက်ဆီအတွက် ဘာစီလိုနာလိုမဟုတ်ဘဲ အမုန်းတရားတွေနဲ့လမ်းခွဲခဲ့ရတဲ့အသင်းဖြစ်တယ်။

အုပ်စုအဆင့်မှာ PSG က မေဂျာလိဂ်ကလပ် ဆီယက်တဲဆောင်းဒါးစ်အသင်းကို (၂-၀)ဂိုးရလဒ်နဲ့ အနိုင်ယူခဲ့သလို အင်တာမိုင်ယာမီအသင်းကလည်း ဥရောပကလပ် ပေါ်တိုအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ကစားခဲ့တယ်။

ဒါပေမယ့် ဒီနှစ်သင်းရဲ့ ကစားသမားစုဖွဲ့မှုချင်း၊ အသင်းအင်အားချင်းယှဉ်ရင် PSG က သိသိသာသာ အသာရထားပါတယ်။ ဒီပြိုင်ပွဲမှာ ဘိုတာဖိုဂိုကို မမျှော်လင့်ဘဲ (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့သည့်တိုင် PSG က ပြိုင်ဘက်တွေကို ပျမ်းမျှဘောလုံးပိုင်ဆိုင်မှု(၇၃%)နဲ့ ကစားထားပြီး နောက်တန်းကလည်း ပေးဂိုးနည်းတာကိုတွေ့ရမယ်။ နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ PSG က Clean Sheet (၄)ပွဲအထိရယူနိုင်ခဲ့တယ်။

အင်တာမိုင်ယာမီကတော့ PSG နဲ့ ပြောင်းပြန်လို့ဆိုရမယ်။ နောက်ဆုံးကစားခဲ့တဲ့ (၁၃)ပွဲမှာ အင်တာမိုင်ယာမီအသင်း Clean Sheet ရတာ(၁)ပွဲပဲရှိပြီး ကျန်(၁၂)ပွဲမှာ ဂိုးပေးခဲ့ရတယ်။ မက်ဆီ၊ ဆွာရက်ဇ်၊ ဘူးစကွက်စ်အစရှိတဲ့ ဝါရင့်ကစားသမားတွေကိုပိုင်ဆိုင်ထားပေမယ့် နောက်တန်းအားနည်းချက်ရှိနေတဲ့ အင်တာမိုင်ယာမီအသင်းရဲ့ ခံစစ်ပျော့ကွက်က ဒီပွဲရဲ့အဖြေဖြစ်လာလိမ့်မယ်။ အသင်းလိုက် စုစည်းမှုရှိတဲ့ PSG ကိုပဲ ယုံကြည်ချင်ပါတယ်။ PSG (၂-၁)၊ (၃-၂)လို ရလဒ်မျိုးတွေကို ရွေးချယ်ချင်ပါတယ်။

ဖလာမင်ဂို - ဘိုင်ယန်မြူးနစ်
(30 June 2025/ 2:30 am)

ဖလာမင်ဂိုက အုပ်စုမှာ ဥရောပကလပ် ချယ်လ်ဆီးကို (၃-၁)ဂိုးနဲ့အနိုင်ကစားခဲ့ပြီး အုပ်စုဗိုလ်နေရာကို ရယူနိုင်ခဲ့တယ်။ ဘိုင်ယန်မြူးနစ်က ဘင်ဖီကာကို ရှုံးခဲ့ပြီး အုပ်စုဒုတိယဖြစ်သွားလို့ ဒီအဆင့်မှာ ဖလာမင်ဂိုနဲ့ လာတွေ့နေတာဖြစ်ပါတယ်။

အိုင်းယက်စ်၊ အက်သလက်တီကို၊ ချယ်လ်ဆီးအစရှိတဲ့အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဘရာဇီးလ်နောက်ခံလူဟောင်း ဖီလစ်ပီလူးဝစ် ကိုင်တွယ်နေတဲ့ ဖလာမင်ဂိုအသင်းက လတ်တလောမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရနေသလို တိုက်စစ်၊ ခံစစ်ဟန်ချက်ညီတဲ့အသင်းဖြစ်တယ်။

ဒီပြိုင်ပွဲမတိုင်မီ ဘရာဇီးလ်ပြည်တွင်းပွဲတွေမှာ (၈)ပွဲဆက်ရှုံးပွဲမရှိဘဲ (၆)ပွဲကို အနိုင်ယူခဲ့တယ်။ နောက်ဆုံးကစားခဲ့တဲ့ (၁၁)ပွဲမှာလည်း Clean Sheet ရယူနိုင်တဲ့ပွဲက (၇)ပွဲအထိရှိနေတာကြောင့် ဖလာမင်ဂိုခံစစ်က လေးစားစရာလို့ ပြောနိုင်တယ်။

ဘိုင်ယန်မြူးနစ်က နောက်ဆုံးပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် တိုက်စစ်က ဟာရီကိန်း၊ အိုလီဆေ၊ မူလာ၊ ကိုးမန်း၊ မူဆီယာလာအစရှိတဲ့ ဂိုးသွင်းနိုင်တဲ့ကစားသမားတွေအများကြီးရှိပြီး ဂိုးရဖို့ သိပ်မပူရတဲ့အသင်းမျိုးဖြစ်တယ်။ ဒါ​ပေမယ့် ဘိုင်ယန်မြူးနစ်နောက်တန်းက အသင်းကြီးတွေနဲ့တွေ့ရင် ဂိုးတွေပေးနေရတာက စိုးရိမ်စရာရှိတယ်။

ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ ဘရာဇီးလ်ကလပ်အသင်း(၄)သင်းထဲမှာ ဖလာမင်ဂိုက အကောင်းဆုံးအသင်းလို့ပြောလို့ရသလို လက်ရှိဘရာဇီးလ်စီးရီးအေမှာလည်း ဇယားထိပ်က ဦးဆောင်နေတယ်။

ဘိုင်ယန်မြူးနစ်အတွက် လွယ်ကူမယ့်ပွဲမဖြစ်နိုင်ဘဲ ဂိုးရဖို့ ခက်ခက်ခဲခဲရုန်းကန်ရနိုင်သလို၊ ပုံမှန်ပွဲချိန်အတွင်း သရေကျမယ်လို့ ထင်နေတယ်။ (၁-၁)(၂-၂)လိုရလဒ်ထွက်ပြီး အချိန်ပို၊ ပယ်နယ်တီကစားရမယ့်ပွဲမျိုးဖြစ်နိုင်တယ်။