ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ
(Round of 16)
အင်တာမီလန် - ဖလူမင်နန်စီ
(1 July 2025/ 1:30 am)
အင်တာမီလန်က ဒီပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာ (၂)ပွဲနိုင်(၁)ပွဲသရေ ရမှတ်(၇)မှတ်ရယူခဲ့ပြီး သူတို့ရဲ့ ကျစ်လစ်မာကြောမှုကို ပြသခဲ့တယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ PSG အသင်းကို (၅)ဂိုးပြတ်ရှုံးခဲ့တဲ့ ဒဏ်ရာကို ဒီပြိုင်ပွဲမှာ ကုစားဖို့ နည်းပြသစ်ချီဗူးရဲ့လက်အောက်မှာ လေးလေးမှန်မှန်သွားနေတဲ့အသင်းဖြစ်တယ်။
အုပ်စုပွဲ(၃)ပွဲစလုံး ပွဲကိုထိန်းချုပ်ကစားခဲ့ပြီး ပြိုင်ဘက်အသင်းတွေကို အခွင့်အရေးများများစားစားမရအောင် ကစားခဲ့တယ်။ အင်တာမီလန်ကွင်းလယ်ခံစစ်နဲ့ နောက်တန်းကို ကျော်ပြီး ဂိုးကန်သွင်းခွင့်ရဖို့ဆိုတာ ပြိုင်ဘက်တွေအတွက် ခက်ခဲခဲ့တယ်။
အေစီမီလန်၊ PSG နဲ့ ချယ်လ်ဆီးနောက်ခံလူဟောင်း သီယာဂိုဆေးလ်ဗား ဦးဆောင်ကစားနေတဲ့ ဖလူမင်နန်စီက အုပ်စုမှာ ဒေါ့မွန်နဲ့ မာမီလိုဒီအသင်းတွေကို ဂိုးမရှိသရေ၊ အူလ်ဆန်ကို (၄-၂)ဂိုးရလဒ်နဲ့ အနိုင်ရပြီး အုပ်စုဒုတိယနေရာကို ရယူခဲ့တာဖြစ်တယ်။
ဖလူမင်နန်စီက နောက်ဆုံးကစားခဲ့တဲ့ (၉)ပွဲမှာ ရှုံးပွဲမရှိအောင်ကစားထားနိုင်ပြီး နောက်တန်းကလည်း (၅)ပွဲအထိ Clean Sheet ရအောင် ကစားထားနိုင်တာတွေ့ရတယ်။ အင်တာမီလန်လိုပဲ ဖလူမင်နန်စီက နောက်တန်းကျစ်လစ်တဲ့အသင်းမျိုးဖြစ်ပြီး အုပ်စုအဆင့်မှာ (၂)ဂိုးစီသာပေးခဲ့ရတဲ့ ဒီနှစ်သင်းအနေနဲ့ တိုက်စစ်ဖွင့်ဖို့ထက် နောက်တန်းလုံအောင် ဦးစားပေးကစားကြမယ်လို့ ယူဆမိတယ်။ ဒါကြောင့် ဒီပွဲဂိုးနည်းမယ်လို့ ထင်နေပြီး အင်တာမီလန်(၁-၀)(၂-၀)လို ရလဒ်မျိုးတွေနဲ့နိုင်မယ့်ပွဲလို့ ထင်မိတယ်။
မန်စီးတီး - အယ်လ်ဟီလယ်
(1 July 2025/ 7:30 am)
FA ဖလားဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ပြီးနောက်ပိုင်း မန်စီးတီးက နောက်ပိုင်းကစားခဲ့တဲ့ပွဲတိုင်းမှာ အနည်းဆုံး(၂)ဂိုးပြတ်နဲ့အထက် အနိုင်ယူခဲ့တယ်။
အုပ်စုပွဲစဉ်(၃)ပွဲအပါအဝင် နောက်ဆုံး(၅)ပွဲမှာ မန်စီးတီးအသင်းက (၁၈)ဂိုးအထိသွင်းထားပြီး ပုံမှန်ဂိုးသွင်းသူမရှိဘဲ ကစားသမား(၁၂)ယောက်လောက်က ဒီဂိုးတွေကို သွင်းခဲ့တာဖြစ်တယ်။ ဒါကြောင့် မန်စီးတီးက ပြိုင်ဘက်တွေအတွက် ဘယ်သူဂိုးသွင်းမလဲဆိုတာ မှန်းဆရခက်တဲ့အသင်းလို့ ပြောလို့ရတယ်။
ဒီပြိုင်ပွဲမှာလည်း မန်စီးတီးအသင်းက အုပ်စု(၃)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရတဲ့တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တမ်းဝင်ထားပြီး အုပ်စုမှာ ဂိုးအများဆုံးသွင်းခဲ့တဲ့အသင်းလည်းဖြစ်တယ်။
အာရှကိုယ်စားပြုဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းကလည်း အုပ်စုအဆင့်မှာ ရီးရဲလ်မက်ဒရစ်၊ ဆဲလ်ဘတ်အစရှိတဲ့အသင်းတွေကို သရေကစားခဲ့ပြီး ပါချူကာအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ကစားခဲ့တဲ့အသင်းဖြစ်ပါတယ်။
ဂိုး-ဘိုနို၊ နောက်တန်း-ကူလီဘာလီ၊ ကန်ဆယ်လို၊ အလယ်တန်း- မီလန်ကိုဗစ်ဆာဗစ်၊ မယ်လ်ကွန်၊ ရူဘင်နေးဗတ်စ်အစရှိတဲ့ ကစားသမားတွေကစားနေတဲ့ အယ်လ်ဟီလယ်အသင်းက အာရှအသင်းဆိုပေမယ့် နာမည်ကြီးကစားသမားတွေ ကစားနေတဲ့အသင်းပီပီ အသင်းကြီးတွေကို ခံကစားနိုင်တဲ့အနေအထားရှိပါတယ်။
ဒါပေမယ့် လက်ရှိမှာ ကစားသမားသစ်၊ ကစားသမားဟောင်းတွေ ခြေစွမ်းပြနေတဲ့မန်စီးတီးအသင်းကို အယ်လ်ဟီလယ်အသင်း ဂိုးမပေးရအောင် ခံကစားဖို့တော့ ခက်ခဲလိမ့်မယ်။ နောက်ဆုံး(၈)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ အယ်လ်ဟီလယ်အသင်း ရှုံးပွဲပြန်တွေ့မယ့်ပွဲပါ။ မန်စီးတီး(၃-၁)(၄-၁)လို ရလဒ်မျိုးနဲ့ အနိုင်ရမယ့်ပွဲလို့ ခန့်မှန်းလိုက်ပါတယ်။
Discussion